Links

clock

Saturday, May 31, 2014

နေထီးဆောင်းမှုဖြစ်စဉ်ကြောင့် နိုင်ငံရေးတွင် အပြောင်းအလဲကြုံမည်ဟုဆို

source: 7days news

နေထီးဆောင်းသည်ဟု လူအချို့ယုံကြည်သောဖြစ်စဉ် ဖြစ်ပွားနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မေလ ၂၈ ရက် နံနက်က နေထီးဆောင်း သည့်ပုံစံ နာရီဝက်ခန့်ကြာအောင် ဖြစ်ခဲ့ပြီး ရှေးဟောင်းကျမ်းဂန်စာ အုပ်များ၌ ယင်းကဲ့သို့ဖြစ်ပေါ်ပါ က နိုင်ငံရေး အပြောင်းအလဲနှင့် စားနပ်ရိက္ခာ ကျပ်တည်းမှုဘေး ကျနိုင်ကြောင်း ဖော်ပြထားသလို အမှန်တကယ်လည်း အပြောင်း အလဲတစ်ခု ဖြစ်လာနိုင်ကြောင်း နက္ခတ်ဗေဒင် ပညာရှင်အချို့က ပြောသည်။
ပြည်မြို့တွင် မေလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အထိ နေထီးဆောင်းမှု ဖြစ်စဉ်ဖြစ်ခဲ့ပြီး မိုးအုံ့သွားသကဲ့သို့ အနည်းငယ်မှောင်သွားသည်မှအပ ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
‘‘ကျမ်းဂန်တွေမှာလည်း
ရှေးပညာရှင်တွေက ရေးသား ထားခဲ့တယ်။ နေထီးဆောင်းတဲ့ အချိန်မှာလည်း ကြာသပတေး ဂြိုဟ်၊ တနင်္ဂနွေဂြိုဟ်၊ သောကြာ ဂြိုဟ်နဲ့ စနေဂြိုဟ်တွေ အား ကောင်းနေလို့ ဇူလိုင် ၁၅ ရက်နဲ့ ဩဂုတ် ၁၅ ရက်ကြားမှာ နိုင်ငံ တော်အတွက် မင်းလောင်းရင် သွေးရတနာပေါ်ပေါက်လာနိုင် တယ်လို့ နက္ခတ်ပညာအရ ခန့် မှန်းထားတယ်။ ဒါကလည်း အပြောင်းအလဲတစ်ခု ဖြစ်နိုင်ပါ တယ်’’ ဟု မြန်မာနိုင်ငံနက္ခတ်နှင့် သိပ္ပံအဖွဲ့အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။
၂၀၁၀ ပြည့်နှစ်ကလည်း မြန်မာနိုင်ငံတွင် နေထီးဆောင်းမှု ဖြစ်စဉ်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အစိုး ရအပြောင်းအလဲဖြစ်ခဲ့ကြောင်း ဦးဇေယျာကိုက ပြောသည်။ ထို့အပြင် နေထီးဆောင်းသည့် အချိန်မှာ နေမင်းအလင်းရောင် အားကောင်းသည့် မွန်းတည့်ချိန်တွင်ဖြစ်ခဲ့သောကြောင့် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်နိုင်ခြေများကြောင်း ဦးဇေယျာကိုက ဆိုသည်။
နေထီးဆောင်းသည့်ဖြစ်စဉ် ကြောင့် သဘာဝဘေးအန္တရာယ် များရင်ဆိုင်ရနိုင်ပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့ရတတ် ကြောင်း ရှေးဟောင်းကျမ်းဂန်များ တွင် ရေးသားထားပြီး မြန်မာနိုင်ငံ တွင် နေထီးဆောင်းချိန်၌ အမြိတ္တကောလိဓာတ် (နက္ခတ်ပညာ အယူအဆအရ ကျေလည်ခြင်း သဘော) ကို ရောက်နေသော ကြောင့် ကဏ္ဍပေါင်းစုံတွင်အဆိုး ဘက်မှ အကောင်းဘက်သို့ဖြည်းဖြည်းချင်း ရောက်ရှိနိုင်ကြောင်း ပြည်မြို့၊ ကြည်သာအေးမြကျောင်းတိုက်ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။
‘‘မြို့ထဲမှာတော့  နေထီး ဆောင်းရင် အငတ်ဘေးကျမယ် တို့၊ မင်းပြောင်းမင်းလွဲ ဖြစ်နိုင် တယ်လို့ လူတိုင်းနီးပါးက ပြော နေကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ် လုပ်မှကိုယ်စားရမှာ။ နိုင်ငံရေး အပြောင်းအလဲဖြစ်တော့လည်း ကျွန်တော်တို့အတွက် ထူးကောင်း မယ် မထင်ပါဘူးဗျာ။ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ ကောင်းပါတယ်’’ဟု ပြည်မြို့ဒေသခံ ဦးနေမိုးက ပြောသည်။
နေထီးဆောင်းသည့် ဖြစ်စဉ် မှာ မိုးလေ၀သသဘာဝအရဖြစ် လေ့ရှိပြီး ရေခဲပါသော တိမ်များ ဖြစ်ထွန်းမှုများပြီး နေကို ဗဟိုပြု၍ အုံ့ဆိုင်းသောအခါ အလင်းပြန် သည့် နေရောင်ခြည်ကို မြင်ရခြင်း ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
‘‘ရေခဲပါတဲ့တိမ်တွေ တက် လာလို့ဖြစ်တာပါ။ နေမှ မဟုတ် ဘူး။ အဆောက်အအုံအမြင့်တွေ ကို အဲဒီလိုတိမ်တွေ အုံ့ဆိုင်းမိရင် လည်း အလင်းပြန်နိုင်ပါတယ်။ အအေးဓာတ်ပါတဲ့ တိမ်တွေ တက်လာရင်တော့ မုတ်သုံအားနည်းမယ့် အခြေအနေရှိတယ်’’ ဟု ဒေါက်တာထွန်းလွင်ကပြောသည်။
နေထီးဆောင်းခြင်းဖြစ်စဉ် မှာ နေနှစ်ထပ်ဖြစ်သွားသည့် သဘောဖြစ်ပြီး နေအနားစွန်းတွင် အစိမ်းရောင်လွှမ်းမိုးပါက မင်းစိုး ရာဇာသစ်ပေါ်ထွန်းခြင်း၊ အပြာ ရောင်လွှမ်းမိုးပါက ပြည်သူလူထု တွင် ဘေးဒုက္ခ ကျရောက်ခြင်း၊  အနီရောင်လွှမ်းမိုးပါက မင်းစိုးရာ ဇာတို့ ဒုက္ခရောက်ကာ ထီးကျိုး စည်ပေါက်ခြင်း၊ လိမ္မော်ရောင် လွှမ်းမိုးပါက မှူးမတ်စစ်သည်တို့ က မင်းကိုဖယ်ရှား၍ အာဏာ သိမ်းခြင်းတို့ဖြစ်နိုင်သည်ဟု ပေါ ရာဏကျမ်းတွင် ဖော်ပြထား ကြောင်း ဗေဒင်နှင့် လက္ခဏာ ပညာရှင် ဆရာစံဇာဏီဘိုက ပြောသည်။
နေထီးဆောင်းသည့် နေနှင့် အချိန်တွင် ကျရောက်သော ဂြိုဟ် စီးဂြိုဟ်နင်းများအရ မှူးမတ်စစ် သည်တို့က မင်းကို ဖယ်ရှား၍ အာဏာသိမ်းခြင်းမှာ ရာခိုင်နှုန်း အများဆုံးဖြစ်နေကြောင်း ဆရာ စံဇာဏီဘိုက ပြောသည်။
သို့သော်နေသည် တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင်နေပြီး အိမ်နီး ချင်းထိုင်းနိုင်ငံတွင် စစ်တပ်က အာ ဏာသိမ်းမှုဖြစ်ခဲ့ခြင်းသည် တိုက် ဆိုင်မှုဖြစ်ပြီး အဆိုပါဖြစ်စဉ်မျိုး မြန်မာနိုင်ငံတွင် မဖြစ်ရန် ဗေဒင် ပညာအယူအဆရ ကျိန်းကျေ သည်ဟု မျှော်လင့်ကြောင်း ၎င်း က ပြောသည်။

No comments:

Post a Comment