Links

clock

Wednesday, August 5, 2015

ငြိမ်းချမ်းရေး အောင်မြင်ရမည်ဟု ယုံကြည်ထား






 နေပြည်တော် ၊ သြဂုတ် ၎

တစ်ဦးနှင့်တစ်ဦး မကြာခဏ ထိတွေ့ပြောဆိုခြင်းဖြင့် တစ်ယောက်သဘော တစ်ယောက်သိပြီး ယုံကြည်မှု ပိုမိုရရှိသည်ကို နှစ်ဦးနှစ်ဖက် လက်ခံထားပြီးဖြစ်ကြောင်း၊ ယင်းသို့တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်နိုင်ခြင်းအားဖြင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ခိုင်ခိုင်မာမာနှင့် ရှေ့ဆက်တိုး လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေး အောင်မြင်ရမည်ဟု ယုံကြည်ထားပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့အား တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) မှ စောရင်နုနှင့် အဖွဲ့ဝင်များ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (KKO)မှ စောမူရှေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ စိုင်းလနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုရှိရန် အရေးကြီးဆုံး ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး စတင်ဆောင်ရွက်စဉ်ကပင် တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားကြောင်းနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည်ဟု ခိုင်ခိုင်မာမာ ရပ်တည်ပြောဆိုခဲ့ကြောင်း၊ ယခုသွားနေသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အားလုံးက လက်ခံပြီး ဖြစ်ကြောင်း၊ မိမိသဘောဆန္ဒနှင့် မကိုက်ညီသည့် နိုင်ငံရေးအရ လိုအပ်ချက်များ ရှိကောင်းရှိနိုင် ပါကြောင်း၊ ယင်းကိုလည်း ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည့် နိုင်ငံ၏ ရှေ့ရေးပေါ်တွင်မူတည်၍ ရပ်တည်နေသည်ကို ပြောလိုကြောင်း၊ အမြတ်ထုတ်ရန် မရှိပါကြောင်း၊ နိုင်ငံ၏ ရှေ့ရေးကို ကြည့်ရာတွင်လည်း မိမိနိုင်ငံ ကွက်ကွက်ကလေး မကြည့်ဘဲ အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ယှဉ်ပြီးကြည့်ရန်လိုကြောင်း၊ ပြည်တွင်းရေး တစ်ခုတည်းသာ ချိန်ထိုးကြည့်မည်ဆိုပါက Frame ကျဉ်းပါကြောင်း၊ မိမိနိုင်ငံ သမိုင်းကြောင်းနှင့် တည်ရှိမှု အနေအထားပေါ် မူတည်ပြီး နိုင်ငံတကာနှင့် ချိန်ထိုး၍ တိုးတက်အောင် ခံယူလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုသည် Step တစ်ခုအတွက် ခိုင်မာသည့် ခြေလှမ်းတစ်ခုရမည်ဟုယုံကြည်ပါကြောင်း၊ ရှေ့ဆက်တိုးမည့် ခြေလှမ်းများ နှောင့်နှေးသလို ဖြစ်နေရခြင်းမှာလည်း စိတ်ပူပန်မှုရှိနေ၍ ဖြစ်သည်ဟု ယူဆပါကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားသည် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူ အားလုံးပါဝင်သည့် နိုင်ငံတော်၏ အကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းရင်းသားငယ်၊ တိုင်းရင်းသားကြီး၊ လူများစု၊ လူနည်းစု၊ ဆင်းရဲချမ်းသာ လူနေမှု အဆင့်အတန်း မြင့်မားမှု၊ အားနည်းမှု စသည့်ခွဲခြားမှုများ လုံးဝမရှိပါကြောင်းဖြင့် ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြတ်မထုတ်ကြဘဲ ပူးပေါင်း ဆောင်ရွက်လာခဲ့ခြင်းကြောင့် ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်မည့် လမ်းကြောင်း ဖြောင့်ဖြူး နေပါကြောင်း၊ မိမိတို့အားလုံး မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ကို ရဲရဲပြောနိုင်ကြောင်း၊ ယခုအချိန် ကာလမှာ ငြိမ်းချမ်းရေးလမ်းစဉ်၏ လမ်းဆုံလမ်းခွကို ရောက်ရှိနေပါကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်၏ အပိုင်းအစ တစ်ခုသာဖြစ်သည့် အပစ်အခတ် ရပ်စဲရေးတွင် ပိတ်ဆို့နေခြင်းကို ခွင့်မပြု နိုင်ပါကြောင်း၊ ပြေလည်အောင် သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး ရှေးရှုသည့် ခေါင်းဆောင်ကောင်းများက အဖြူအမဲ သဲသဲ ကွဲကွဲ အဆုံးအဖြတ် ပြုလုပ်ရမည့် အချိန်ဖြစ်ပါကြောင်း၊ KNU ၏ သဘောထားမှာ NCA လက်မှတ်ထိုးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများဖြင့် ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။ 

ဆက်လက်ပြီး KNU မှ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် စောတာဒိုမူး၊ ဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေးအကြံပေး စောထူးထူးလေး၊ KNU/KNLA(PC) အဖွဲ့မှ စောရင်နု၊ KKO အဖွဲ့မှ စောမူရှေး၊ RCSS/SSA အဖွဲ့မှ စိုင်းလတို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရန် ဆွေးနွေး ညှိနှိုင်းဆဲဖြစ်သည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်၊ ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုခြင်းနှင့် သဘာဝ သယံဇာတများ ပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေးအဖွဲ့ (EITI) လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စိုးရိမ်ပူပန်မှုဖြစ်သည့် နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက်၊ လူမှုရေးအာမခံချက် ဆိုင်ရာများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရေးဆိုင်ရာ အချိန်ဇယားတို့အား ဆွေးနွေးတင်ပြကြသည်။ 

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့က လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းဖြစ်သည့် DDR၊ SSR လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် နိုင်ငံရေး အာမခံချက်နှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေချိန်တွင် အဓိကမှာ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တိုင်းရင်းသားများအကြား လုံးဝခွဲခြားမှုမရှိ၍ နိုင်ငံရေးအာမခံချက် ပေးလို့ ရသည်ဟု ပြောနိုင်ကြောင်း၊ စစ်ရေးအာမခံချက်နှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသည့် အဖွဲ့များနှင့် ပတ်သက်ပြီး အာမခံနိုင်ကြောင်း၊ လက်မှတ်မထိုးသေးသည့် ကျန်ရှိအဖွဲ့များ အနေဖြင့်လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒပါ အချက်များကို အလေးထားလိုက်နာပါက ပြဿနာမရှိနိုင်ကြောင်း၊ ယင်း အဖွဲ့အစည်းများ မှန်ကန်စွာ ရပ်တည်နေထိုင်မှု အပေါ်တွင်သာ မူတည်ကြောင်း၊ လူမှုရေး အာမခံချက်ဖြစ်သည့် စားဝတ်နေရေးကိစ္စ၊ စီးပွားရေး ကိစ္စများသည်လည်း မဖြစ်မနေ လုပ်ဆောင်ပေးရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ DDR၊ SSR သို့မဟုတ် SSR၊ DDR ကိစ္စရပ်များမှာ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အဓိကမှာ ယုံကြည်မှု အရေးကြီးပါကြောင်း၊ ယုံယုံကြည်ကြည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ EITI နှင့် ပတ်သက်၍လည်း ဒေသအတွင်း စိုးရိမ်မှုများကြောင့် ဖြစ်ကြောင်း၊ ဒေသအတွင်း အကျိုးရှိပြီး တိုင်းပြည်အတွက်လည်း အကျိုးရှိပါက လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အပေါ် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ယုံကြည်မှု၊ ရိုးသားမှု၊ ကတိတည်မှု စသည့်အချက် ၃ ချက်မှာ အရေးကြီးပါကြောင်း၊ အမှန်တကယ် ရိုးရိုးသားသားနှင့် ငြိမ်းချမ်းအောင် လုပ်ဆောင်ပါက လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အကောင်းဆုံးဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#pyichittar

No comments:

Post a Comment