Links

clock

Tuesday, October 13, 2015

KNU စစ်သားစုဆောင်းမှုမှ တိမ်းရှောင်လာသူ နှစ်ထောင်ကျော် မြိုင်ကြီးငူဒေသတွင် လာရောက်ခိုလှုံ


မြိုင်ကြီးငူ၊ အောက်တိုဘာ ၁၁
ကေအန်ယူ တပ်မဟာ ၅ ၏ စစ်သားစုဆောင်းခြင်းကြောင့် နေရပ်စွန့်ခွာလာသူ ကရင်တိုင်းရင်းသား ၂၄၄၅ ဦးသည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသရှိ ဆွေမျိုးသားချင်းများထံ လာရောက်ခိုလှုံလျက်ရှိကြောင်း မြိုင်ကြီးငူ ဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းရှိ ကရင်တိုင်းရင်းသား ကျေးရွာဖြစ်သည့် ဟတ်ကြီးရွာ အပါအဝင် ကျေးရွာ ၁၅ ရွာမှ ကရင်တိုင်းရင်းသား မိသားစု ၃၇၈ စုမှ ကျား ၁၂၃၈ ဦး၊ မ ၁၂၀၇ ဦး တို့သည် အောက်တိုဘာလ ၂ ရက်မှစ၍ မြိုင်ကြီးငူဒေသ KNU တပ်မဟာ (၅) ရင်း (၁၀၂)၊ ခွဲ (၄) ယွန်းစလင်းမြစ် အရှေ့ခြမ်း လှုပ်ရှားအဖွဲ့၏ တပ်သားသစ် စုဆောင်းမှုကြောင့် နေရပ်ကို စွန့်ခွာခဲ့ကြခြင်း ဖြစ်သည်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော ရွာသူရွာသား ၂၄၄၅ ဦးကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး စောထွန်းလှိုင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် နယ်မြေခံတပ်ရင်း အသီးသီးမှ တပ်မှူးများနှင့် တာဝန်ရှိသူများက သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝေဠုကျော် ဖောင်ဒေးရှင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့က ဆန်အိတ် ၂၀၀ နှင့် စားသုံးဆီ ၆၀ ပါကင် ထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ ခစတ (၁၀၂၁) တပ်မှူး ဗိုလ်မှူး၏ ဇနီးနှင့် တပ်ဖွဲ့ဝင်မိသားစုများကလည်း ဆန်အိတ် ၁၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက “ကျွန်တော်ဟာ ကရင့်လက်နက်ကိုင် ညီညွတ်ရေးမှာလည်းပါတဲ့ အတွက် ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်တဲ့ အဖွဲ့အစည်းတွေကိုတော့ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပြီးတော့ အမှန်အတိုင်း ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ ပြန်လည်တင်ပြလို့ ဆက်ပြီးတော့ မစဉ်းစားဘူး၊ မဖြေရှင်းဘူး ဆိုရင်တော့ ပြည်သူလူထုဘဝ လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းအရာများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
အရွယ်ရောက်သည့် ကလေးများကို စစ်မှုမထမ်းမနေရဆိုကာ ဖမ်းခေါ်သွားစဉ် ကလေးများကို မမိ၍ လူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားရာ ရွာသား ၁၅ ဦး ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရပြီးမှ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ ဟက်ကြီးရွာသားတစ်ဦးက ပြောကြားသည်။
လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသသို့ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ် အုပ်ချုပ်မှု ဒေသဖြစ်သော ယွန်းစလင်းမြစ် အရှေ့ခြမ်းရှိ ရွှေဖလား၊ ဟတ်ကြီး၊ မြင်းတစ်ပြေး၊ ပိုင်လာ၊ သောကလယ်ထ၊ ဝမှုလော၊ မယ်ညော၊ ဇာကော့လုံ၊ ရှမ်သောင်း၊ ကွင်းဒလ၊ မဲကုလား၊ မဲပလိ၊ ကိုလူပျို စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်ဒုက္ခသည်များ ရောက်ရှိနေပြီး အောက်တိုဘာ ၈ ရက် ညနေပိုင်းအထိ ထပ်တိုးစစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ ကျား ၅၅ ဦး၊ မ ၅၉ ဦး၊ စုစုပေါင်း ၁၁၄ ဦး ထပ်မံရောက်ရှိလာကြောင်း လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း KNU က တပ်သားသစ် စုဆောင်းမှုကြောင့် စက်တင်ဘာ ၂၄ ရက်မှ စတင်ပြီး မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်လာခဲ့ကြောင်း၊ တိမ်းရှောင်လာသူတစ်ဦး ဖြစ်သည့် စောဖောဒီက တပ်သားသစ် ကောက်ခံရာတွင် မလိုက်နိုင်ပါက တစ်ဦးကို ကျပ်သိန်း ၅၀ ပေးရမည်ဖြစ်ကြောင်း၊ ငွေမပေးနိုင်လျှင် မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ပြောဆိုခြင်းကြောင့် တိမ်းရှောင်ရခြင်းဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။
ရွာရှောင်ကျောင်းသားငယ်များကို ပညာရေးဦးစီးဌာနက နီးစပ်ရာ မူလတန်းကျောင်းများတွင် ဆက်လက်ပညာသင်ကြားပေးလျက် ရှိပြီး မြိုင်ကြီးငူဒေသရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံက ယာယီဆေးပေးခန်း ဖွင့်လှစ်ကာ ဆေးဝါးကုသပေးလျက် ရှိကြောင်း လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မြတ်ကို (ဒေါနမြေ)
The Voice

No comments:

Post a Comment