Thursday, July 9, 2015
အမေရိကန် ကြည်းတပ်မှ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀၀ မျှ လျှော့ချသွားရန် စီစဉ်
လာမည့် နှစ်အနည်းငယ်အတွင်း တပ်ဖွဲ့ဝင် အင်အား ၄၀၀၀၀ မျှကို လျှော့ပေါ့သွားရန် အမေရိကန် ကြည်းတပ်က စီစဉ်နေကြောင်း သတင်းရရှိသည်။
အမေရိကန် မီဒီယာများက ကြည်းတပ်သည် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် လက်ရှိ စစ်မှုထမ်း အင်အားကို ၄၀၀၀၀ မျှ လျှော့ချထားနိုင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ကြသည်။ စစ်တပ်၏ အသုံးစရိတ်ကို ပြန်လည်စိစစ် လျှော့ချမည့် အစီအစဉ်၌ စစ်မှုထမ်းများအပြင် ကြည်းတပ်နှင့် ဆက်နွှယ်သည့် အရပ်ဘက် အမှုထမ်း ၁၇၀၀၀ ခန့်ကိုလည်း အလုပ်နေရာများ လျှော့ချသွားမည်ဟု သိရသည်။
အမေရိကန် ကြည်းတပ်တွင် ၂၀၁၂ ခုနှစ်ထိ စာရင်းအရ အမြဲတမ်း တပ်ဖွဲ့ဝင် ၅၇၀၀၀၀ ခန့် ရှိနေပြီး အီရတ်နှင့် အာဖဂန် နစ္စတန် စစ်ပွဲကာလများတွင် အမြင့်ဆုံး အင်အားထိ စုစည်းထားခဲ့သည်။ သို့သော်လည်း အကုန်အကျ အလွန်များခဲ့သည့် နိုင်ငံခြားစစ်ပွဲ နှစ်ခု၏ အလွန်တွင် အမြဲတမ်း အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည့် ကြည်းတပ်အင်အားကို ၄၅၀၀၀၀ မျှသို့ လျှော့ချသွားသင့်ကြောင်း ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ ချက်ခ်ဟေဂယ်လ်က အကြံပြုခဲ့သည်။
လတ်တလောတွင် အာဖဂန်၌ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးနှင့် အီရတ်တွင် ၃၅၀၀ ခန့် ရှိနေဆဲ ဖြစ်သည်။ လက်ရှိ ရည်ရွယ်သည့် ပမာဏအတိုင်း လျှော့ချလိုက်ပါက အမေရိကန် ကြည်းတပ်၏ တပ်ဖွဲ့ဝင် ပမာဏသည် ၁၉၄၀ ပြည့်နှစ်နောက်ပိုင်း အရေအတွက် အနည်းဆုံး ဖြစ်လာမည်ဟု သိရသည်။ ထိုစဉ်က အမေရိကန် ကြည်းတပ်တွင် အမြဲတမ်း တပ်ဖွဲ့ဝင် ၂၇၀၀၀၀ သာ ရှိခဲ့သည်။
အမေရိကန် စစ်တပ်ဟု ခေါ်ဝေါ်သည့် ကြည်းတပ်သည် အမေရိကန်၏ လက်နက်ကိုင် တပ်ဖွဲ့ကြီး ၅ ခုတွင် အင်အားအကြီးဆုံးနှင့် အရေအတွက် အများဆုံး အစိတ်အပိုင်း ဖြစ်သည်။ အခြားသော လက်နက်ကိုင် တပ်ဖွဲ့များမှာ အမေရိကန် မရိန်းတပ်ဖွဲ့၊ အမေရိကန် ရေတပ်၊ အမေရိကန် လေတပ်နှင့် အမေရိကန် ကမ်းခြေစောင့်တပ်တို့ ဖြစ်ကြသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)














No comments:
Post a Comment