Links

clock

Monday, July 13, 2015

ဖားကန့် - ကာမိုင်းလမ်းတွင် KIA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ(၁) ဦး သေဆုံး၊ (၁)ဦးဒဏ်ရာရ


ဇူလှိုင်လ ၁၃ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ လွယ်ဆိုင်းကျေးရွာအနီးတွင် KIA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ(၁)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာမိုင်းရဲစခန်းတာဝန်ရှိသူ တစ်ဦးမှပြောကြားချက်အရ သိရှိရသည်။
'' ကားလမ်းဘေးက လယ်ကွင်းတွေမှာ ရွာက ကောက်စိုက်နေကြတဲ့သူတွေ အများကြီးပဲ၊ ကားလမ်းပေါ်က သေနတ်သံ ကြားလို့ အားလုံး ထွက်ပြေးကြတာ၊ ဒါပေမယ့် KIA အဖွဲ့က ပစ်လိုက်တဲ့ ကျည်ဆံမှန် ပြီးတော့ ခေါန်ဂျာက အဲ့နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားပြီး အေးမြားက ဒဏ်ရာရသွားတယ်၊ အရပ်သားတွေ ကောက်စိုက်နေမှန်းသိလျက်နဲ့ ပစ်ဖို့ ဘယ်ကောင်း ပါ့မလဲ၊ ကျွန်တော်တို့ ရွာသားတွေ အတွက်တော့ စိုးရိမ်စရာ ပေါ့ဗျာ " ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့ပါသည်။
သေဆုံးဒဏ်ရာရရှိသူတို့သည် ဖားကန့် - ကာမိုင်းသွားကားလမ်း၏ ညာဘက်တောင်စောင်း ကားလမ်းနှင့် ကိုက် ၁၀၀ ခန့်အကွာ လယ်ကွင်းထဲ၌ မိသားစုနှင့်အတူ ကောက်စိုက်နေစဉ် သေနတ်သံ များကြားရသဖြင့် ကောက်စိုက်နေရာမှ လယ်တဲအပေါ်သို့ ထွက်ပြေးရာမှ ထိမှန်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူမှာ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၀၄၀၀ နာရီခန့်တွင် ကာမိုင်းမြို့နယ် ပြည်သူဆေးရုံတွင် ဆေးကုသခံယူပြီး လွယ်ဆိုင်းကျေးရွာရှိ ၄င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာကြောင်း လွယ်ဆိုင်း ရွာသားတစ်ဦးမှ ပြောပါသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်-မိုးကောင်းကားလမ်းတွင် KIA အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရတပ် ယာဉ်တန်းများအား ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိသူများရှိနေပြီး စိုးရိမ်ထိတ်လန့်နေကြ ကြောင်းနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံ တစ်ဦးမှလည်း ပြောပြ ခဲ့ပါသည်။
ဆိုင်နော်(ဖားကန့်)
Kachin Daily News

No comments:

Post a Comment