Links

clock

Monday, October 12, 2015

ဆီးရီးယား တည်ငြိမ်အေးချမ်းရေးအတွက် ရုရှားက ပါဝင်တိုက်ခိုက်ပေးနေခြင်းဟု ပူတင်ပြောကြား

ဆီးရီးယား စစ်ပွဲတွင် ပါဝင်စွက်ဖက်နေခြင်းသည် သမ္မတ ဘာရှာအယ်လ် အာဆက်ဒ် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရန် ကူညီနေခြင်းသာဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။

အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် အာဆက်ဒ်ကို ပြည်သူများက တော်လှန်ရာမှ စတင်ခဲ့သည့် ပြည်တွင်းစစ်တွင် အမေရိကန်နှင့် မဟာမိတ်များက သူပုန်တပ်များကို လက်နက်တပ်ဆင် ပံ့ပိုး ကူညီလျက် ရှိသည်။ သို့သော်လည်း ယခုလပိုင်းအတွင်း ရုရှားက အာဆက်ဒ်ဘက်မှ ထဲထဲဝင်ဝင် ပါဝင်လာကာ ဆီးရီးယား အစိုးရ တပ်များကို လေကြောင်းပစ်ကူပေးပြီး စစ်ရေးအရ ထောက်ပံ့လာခဲ့သည်။
လေကြောင်း တိုက်ခိုက်မှုများသည် ဆီးရီးယား သူပုန်အဖွဲ့ တစ်ခုအဖြစ်မှ အင်အားကြီးထွားသည့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့ကို ချေမှုန်းရန် အဓိက ရည်ရွယ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ အာဆက်ဒ်ဘက်မှ ကူညီ တိုက်ခိုက်ခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည့်တိုင် ယခုအခါ ပူတင်က မိမိတို့သည် ဆီးရီးယား၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကဏ္ဍတွင် ပါဝင်ကူညီနေခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
ရုရှားအစိုးရပိုင် TV Moscow ရုပ်မြင်သံကြား ဌာနနှင့် အင်တာဗျူးတွင် ပူတင်က “ကျွန်တော်တို့ အနေနဲ့ ဆီးရီးယားမှာ နိုင်ငံရေးအရ ညှိနှိုင်း သဘောတူညီမှု ရယူနိုင်မယ့် အခြေအနေမျိုးတွေကိုလည်း ဖန်တီးပေးသွားချင်ပါတယ်”ဟု ဆိုသည်။ ၎င်းက ဆီးရီးယားတွင် ရုရှားလေတပ်က အလယ်အလတ် ဝါဒရှိသော သူပုန်အဖွဲ့များကို တိုက်ခိုက်နေသည် ဆိုခြင်းအား ငြင်းဆိုခဲ့ပြီး အိုင်အက်စ်တို့ကိုသာ ပစ်မှတ်ထားကြောင်းလည်း အခိုင်အမာ ပြောကြားခဲ့သည်။
“ရုရှားရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ဆီးရီးယား အစိုးရရဲ့ နိုင်ငံငြိမ်ဝပ်ပိပြား တည်ငြိမ်အောင် ကြိုးစားတည်ဆောက်နေမှုမှာ ပါဝင်ကူညီချင်တာ သက်သက်ပါပဲ”ဟု ပူတင်က ဆိုသည်။ “လောလောဆယ်မှာ မစ္စတာ အာဆတ်ဒ်ရဲ့ အစိုးရ အဖွဲ့ဟာ အကျပ်အတည်း ကြုံနေပြီ။ သူပုန်တွေက ဒမတ်စကက်မြို့တော် အစွန်အဖျားထိတောင် ရောက်နေပြီလေ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ပူတင်က အခြားနိုင်ငံများ အနေဖြင့်လည်း အာဆတ်ဒ်ကို ပူးပေါင်းကူညီကာ ဆိုးယုတ်သည့် အကြမ်းဖက် ဝါဒကို ဆီးရီးယားမြေမှ တိုက်ထုတ် ဖယ်ရှားပေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။ လတ်တလောတွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်နှင့် ရုရှားလေတပ်တို့သည် ဆီးရီးယားတွင် သီးခြားစီ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း ပေါင်းစည်းမှု မရှိသဖြင့် ပျံသန်းမှု လမ်းကြောင်းများ ရှုပ်ထွေးကာ အန္တရာယ် ရှိလာမည်ကို အမေရိကန်က စိုးရိမ်နေသည်။
ရုရှားအစိုးရက အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့ရာ၌ ၂၄ နာရီအတွင်း ဆီးရီးယားရှိ ပစ်မှတ် ၆၀ ကျော်ကို ဗုံးကြဲခဲ့ကြောင်းနှင့် အဓိကအားဖြင့် အိုင်အက်စ်တို့၏ စစ်ရေး အဆောက်အအုံများကို ချိန်ရွယ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ရုရှားသည် ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများကို စက်တင်ဘာ ၃၀ က စတင်ခဲ့ခြင်း ဖြစ်သည်။
_Ref: CNN

No comments:

Post a Comment