Links

clock

Thursday, December 19, 2019

"ဥစ္စာစောင့်တို့ အပြန်" စ/ဆုံး

"ဥစ္စာစောင့်တို့ အပြန်"

!!!!!!!!!!!!!!!!!!!!!!!!!!!!!
"ရွာမှာ မိုးမကောင်းတာ (၃)နှစ်ကျော်ပြီဗျ...စပါးကမထွက် နှမ်းကမထွက်နဲ့ ကြာရင်တော့မွဲမှာပဲ...လုပ်တာကမှ
သုံးလေးဧကလောက်နဲ့ အဆင်မပြေပါဘူးဗျာ...."




ချက်အရက်ဆိုင်မှာ တောင်ယာလုပ်ငန်းအဆင်မပြေ၍ ညဉ်းညူနေတဲ့
အေးမောင်၏ လေသံ........
တစ်ဝိုင်းတည်းထိုင်သောက်နေတဲ့
ဦးခေါင်းတစ်ခုလုံးဆွတ်ဆွတ်ဖြူနေတဲ့ဆံပင်တွေနဲ့.....အသက်(၆၀)
ကျော်ခန့်ရှိသူ ဦးထွန်းမြကတော့....

"ငါတော့ တောင်ပေါ်တက် တောခုတ်ပြီး နှမ်း စိုက်ဖို့စိတ်ကူးထား
တယ်ကွ... ...တောင်ပေါ်က မြေရိုင်းတွေဆိုတော့ တစ်ဧက ၅၀ လောက်တော့ အနည်းဆုံးရနိုင်မှာ....ငါ့သားနှစ်ယောက်နဲ့ သန်ဖက်ခါလောက် တောတက်မယ်စီစဉ်ထားတယ်
မင်းပါလိုက်လုပ်မလား....မြေကတော့ ပေါတယ်ဟေ့ မရမှာတော့
စိတ်မပူနဲ့ လုပ်မှာကငါတို့ပဲရှိတာ..."

ချင်းရိုးမ တောင်တန်းကြီးနှင့် ပဲခူးရိုးမတို့ ဆက်စပ်နီးစပ်သည့်
တောတောင်ထူထပ်သည့်ဒေသ မြေလွတ်မြေရိုင်းများကို
ရည်ရွယ်၍ပြောခြင်းဖြစ်သည်....

ညီအကိုသုံးယောက်ရှိသော်လည်း အကိုဖြစ်သူနှင့် ညီတို့မှာ အိမ်ထောင်ကိုယ်စီနဲ့ တစ်အိုးတစ်အိမ်ဖြစ်နေပြီမို့ အိမ်က အမေအိုကြီးကို လုပ်ကြွေးပြုစုနေသည့် အသက်(၃၀) ခန့်ရှိလူပျိုကြီး.....အေးမောင်....
ဦးထွန်းမြပြောတာကို သူစိတ်ဝင်စားသွားသည်....
ဒါပေမဲ့...တောတက်ပြီးတောင်ယာမလုပ်ဖူးသူမို့ ...နားမလည်သဖြင့်

"အခုမှ နွေပဲရှိသေးတာ အဆင်ပြေပါ့မလားဗျ မိုးက ခေါင်ပါတယ်ဆိုမှ"

ဦးထွန်းမြကလည်း တူလိုသားလိုခင်မင်ရသူ၊ ယုံကြည်စိတ်ချရသူမို့ အေးမောင်ကိုပါ တောင်ယာလုပ်ငန်းအတူလုပ်စေချင်၍ လုပ်ငန်းအကြောင်း
ရှင်းပြလိုက်သည်.....
တောင်ယာ(သို့မဟုတ်)ရွှေ့ပြောင်းတောင်ယာ များလုပ်ကိုင်သူတို့သည်
နွေရာသီတွင်  မိမိရွေးချယ်ထားသော မြေလွတ်တို့အား ခုတ်ထွင်ရှင်းလင်းမီးရှို့ကာ အကွက်ဖော်သည်.......ပြီးတော့မှမိုးဦးမ၀င်ခင်
ထယ်ရေးညက်အောင် ထွန်ယက်ပြီး မျိုးကျဲစိုက်ပျိုးခြင်းဖြစ်သည်

တောင်ပေါ်ဒေသ၏ ရာသီဥတုဒဏ်၊ ရောဂါဒဏ်များနှင့် သားရဲတိရိစ္ဆာန်
များ၏အန္တရာယ်၊ တောစောင့်တောင်စောင့်နတ်များဖမ်းစားတတ်ခြင်း၊
တောခြောက်ခြင်း.....နေရာဒေသဝေးလံ၍ သွားလာရခက်ခဲခြင်း.စသည်တို့ကြောင့် တောတက်တောင်
ယာလုပ်ဆောင်ဖို့အတွက် စိတ်ဝင်စားသူလုပ်ကိုင်မည့်သူနည်းပါးကြ
သည်.....

အေးမောင်တစ်ယောက် ဦးထွန်းမြရှင်းပြသဖြင့် တောင်ယာလုပ်ငန်းလုပ်ဆောင်ခြင်းကို အနည်းငယ်သဘောပေါက်သွားသည်......

ဦးထွန်းမြက.....
"အခု ငါတို့ တောတက်မှာက မြေလွတ်အကွက်ရွေးပြီး တောမီးရှို့၊
အကွက်ဖော်ဖို့အရင်သွားမှာ မိုးကျမှ စိုက်မှာ...."

"လိုက်မယ်ဗျာ....နို့ ဆိုပေမယ့် ရလာတဲ့ဟာက စပ်တူပဲလား...
ကိုယ့်အကွက်ကိုယ်ဖော်ပဲလား........"

"ဒါကတော့ မောင်အေးမောင်ရေ.....ငါတို့က သားအဖ သုံး
ယောက်...လုပ်အားရှိတယ်...ငါတို့အတွက်က ရတယ်....မင်းအတွက်ပဲ.....
ငါတို့နဲ့ပေါင်းရင် လေးယောက်...
ရလာတဲ့ဟာကို လေးပုံပုံပြီး မင်းတစ်ပုံရမယ်...ဒီလိုမှမဟုတ်ပဲ...
တစ်ယောက်ထဲ လုပ်ချင်သပ ဆိုရင်လဲ...လုပ်ပေါ့ကွာ...ဒါပေမယ့်
မင်းတစ်ယောက်ထဲလုပ်ရင်တော့ အလုပ်တွင်မယ်မထင်ဘူးကွ...
ထမင်းချက် ရေခပ် တဲစောင့် ကအစလိုတယ်...မင်းသဘောပဲကွ..."

အေးမောင် တွေးကြည့်တော့လဲ ဦးထွန်းမြပြောတာ သဘာဝကျသည်...
သူတစ်ယောက်တည်းဆိုရင်...အဆင်ပြေမည်မဟုတ်ပေ ဒါကြောင့်
ဦးထွန်းမြတို့နှင့် စပ်တူပူပေါင်းလုပ်ဖို့ ဆုံးဖြတ်လိုက်သည်....

"တင်လှ... ငါ...စာရင်းလုပ်ထားတဲ့ ပစ္စည်းတွေအကုန်လုံးပါလား...
ထမင်းကော ကျက်ပြီလား တော်ကြာ နောက်ကျနေမယ်..."

"အကုန်ပါ ပါတယ်တော့...အရက်အဆီဗူးကအစ ပါတယ်..."

"အေးပါကွာ စုံရင်ပြီးတာပါပဲ....ထွန်ကြီး...ထွန်းငယ်... ပစ္စည်းတွေ
လှည်းပေါ်တင်တော့ကွာ...အေးမောင်ရေ မင်းပစ္စည်းတွေရောစုံလား...
ပစ္စည်းတွေ လူတွေကတော့ လှည်းနှစ်စီးလုံးပေါ်မျှနေရာယူကြမယ်ဟေ့..."

"စုံပြီ...ဘကြီးထွန်းရေ့ ......တင်ရမှာပေါ့ဗျ အတူတူတွေပဲဟာ...
ကျုပ် လှည်းတပ်လိုက်တော့မယ်....ဘကြီးနွားတွေရော အစာကြွေး
ထားပြီးပြီလား ...."

"အေး...ကြွေးထားပြီးပြီကွ...ဒီနှစ်ကောင်လဲ တောတက်မှာသိနေသ
လိုပဲဟေ့....စားလိုက်တာမှ... နွားစခေါင်းထဲ ဘာမှကိုမကျန်တော့တာ
ထွန်းငယ်...လှည်းကို နွားတပ်လိုက်တော့ကွာ...သွားကြရအောင်.."

တကျီကျီဖြင့် လှည်း(၂)စီး နံနက်လေးနာရီခန့်တွင် ရွာမှ စတင်ထွက်ခွာ
လာလေသည်.......
နေ့လည်တစ်နာရီလောက်ကျ ခဏနားက နွားများကို စားကျက်တစ်ခုတွင်လှန်ထားပြီး....ပါလာတဲ့ထမင်းထုတ်များကိုဖြေ
စားကြသည်....မြေပြန့်ပင်ဖြစ်သေးတာမို့ တောတောင် သိပ်မထူထပ်
သေးသလို ခရီးလည်းတွင်သည်...လမ်းလည်း သာသည်....

"တောင်ခြေအထိတော့...ဒီနေ့ရောက်အောင်သွားရမယ်ကွ...မကျီးကုန်း ကျော်ရင် တောင်စ တက်ရတော့မှာ တောင်ခြေရောက်မှပဲ နားပီးအိပ်ကြတာပေါ့ကွာ....ကဲ...အခုနားတာလည်းနည်းနည်းကြာပြီ.
နွားတွေလည်းအစာဝလောက်ပီ...ဘေးနားကရေအိုင်က ရေကျန်နေ
သေးလို့ နွားတွေအတွက် ရေ ...အဆင်ပြေတယ်ဟေ့.....ထွန်းကြီး...
ထွန်းငယ်တို့ နွားတတ်ကြတော့ကွာ..."

ဦးထွန်းမြမှာ မိသားစု (၅)ယောက်ရှိသည် ထွန်းကြီး နှင့် ထွန်းငယ်တို့
မှာ အသက်(၂၀) ကျော် တွေဖြစ်ပြီး
အသက်(၁၃)နှစ်ခန့် သမီးထွေးတစ်ယောက်ရှိသည်..
လှည်းတပ်ပြီး တအီအီနဲ့သွားနေစဉ်. နေ၀င်းရိုးရီ နွားရိုင်းသွင်းချိန်လောက်ရောက်တော့.....ဦးထွန်းမြက ...

"မကျီးကုန်းရောက်တော့မယ်ဟေ့ ရှေ့က တောအုပ်အုပ်က မကျီးကုန်း
သင်္ချိုင်းကုန်းအဟောင်းပဲ ...သရဲခြောက်တယ်လို့တော့
ပြောကြတာပဲ...အေးမောင်ရ"

ရှေ့လှည်းမှ အေးမောင်ကြားရလောက်အောင် အသံခပ်ကျယ်ကျယ်
ပြောနေသည်

"ဒါပေမယ့်....ကြောက်စရာတော့မလိုပါဘူးကွာ....
ဟဟဟ...
ဒီကောင်တွေက ငါတို့ကိုဘာလုပ်နိုင်မှာမို့လို့လဲ လူတွေထက်နိမ့်ကျလို့ မကောင်းဆိုးဝါးဖြစ်နေတာပဲ"

သရဲတစ္ဆေဆိုတာကို မယုံကြည် မထီလေးစားတတ်သည့် ဦးထွန်း
မြ...လှည်းပေါ်မှာ အရက်အဆီကို ရေဖြင့်စပ်သောက်ရင်း...ထိုကဲ့သို့ပြောဆိုရင်းပင် မကျီးကုန်းရွာ သင်္ချိုင်းဟောင်းအနီးသို့ တဖြည်းဖြည်းချင်းနီးကပ်လာလေပြီသင်္ချိုင်းနားနီးကပ်လာလေလေ
နွားများသည် အမြီးတဖြည်းဖြည်းထောင်လာကာ

"၀ုန်း..." ဆိုပြီး ဘေးနားက သရက်ပြာပင်ကြီးပေါ်မှ......
သစ်ကိုင်းကြီးတစ်ခု ကျိုးကျလာလေသည်.....
လှည်းနှစ်စီးလုံးမှ
နွားများသည် အမြှီးများကို မိုးပေါ်သို့ ထောင့်မှန်လောက်အထိထောင်
ကာ ထိန်းမနိုင်သိမ်းမရဖြင့် လမ်းမကြီးအတိုင်း အပြေးအလွှား
ရုန်းကန်ထွက်ပြေးကြလေတော့သည်....

ကံကောင်း၍ပင်နောက်လှည်းတွင်ပါလာသော ဦးထွန်းမြနှင့် ထွန်းငယ်
တို့ သစ်ကိုင်းမပိခြင်းဖြစ်သည်......

ဦးထွန်းမြမှလွဲ၍ အေးမောင်တို့
သုံးဦးမှာ သရဲခြောက်ခံနေရတာကိုသိနေသည်...အဘယ်ကြောင့်
ဆိုသော် ခုနက သစ်ကိုင်းကျိုးသည်ဟုထင်ရသော သရက်ပြာပင်ကြီး
အောက်တွင် မည်သည့် သစ်ကိုင်းမျှရှိမနေသောကြောင့်ဖြစ်သည်...

အေးမောင်လည်း ဒီသင်္ချိုန်းကို အမြန်ကျော်မှ ကောင်းမည်ဟုတွေးကာ
အစကမှ ပြေးလွှားသွားချင်နေတဲ့ နွားနှစ်ကောင်ကို နှင်တံဖြင့် ခပ်ဆပ်
ဆပ် ရိုက်ကာ နွားကြိုးတို့ကို ခပ်လျော့လျော့ လုပ်ပေးကာ မောင်းနှင်
လေတော့သည် ရှေ့လှည်းက မြန်မြန်သွားနေသလောက် နောက်က
ဦးထွန်းမြတို့လှည်းကလည်း အမှီလိုက်လာလေသည်.....
မူးနေပြီဖြစ်သော ဦးထွန်းမြမှာ မကြားဝံ့မနာသာသည် စကားလုံးများ
ဖြင့် သင်္ချိုင်းကုန်းအားလည်းကောင်း၊ မကောင်းဆိုဝါးများအားလည်း
ကောင်း အော်ဟစ်ဆဲဆိုနေလေတော့သည်....
ဒါတင်မကသေး......

"ဟေ့ကောင်တွေ....မင်းတို့က သတ္တိမရှိပဲ ငါတို့အပေါ်ကို သရက်ကိုင်း
ချိုးချတယ်ပေါ့ဟုတ်လား.....မိုက်တဲ့ကောင်လိုက်ခဲ့ကွ ငါတို့မှာ လှည်း
(၂)စီးပါတယ် မင်းတို့ လိုက်လို့ရတယ် တောင်ပေါ်မှာ မင်းတို့ကိုလည်း
ခိုင်းစားလို့ရတာပေါ့ကွာ......ဟားဟားဟား...."

မူးမူးဖြင့် တောင်စင်ရေမရ ပြောဆိုနေတဲ့ အဖေဖြစ်သူကိုသားဖြစ်သူ
က

"အဖေ...မူးနေရင်လည်းတိတ်တိတ်နေဗျာ...သူတို့သင်္ချိုင်းထဲကလည်းဖြတ်သွားသေးတယ် စိန်လည်းခေါ်သေးတယ် လှည်းပေါ်လဲ လိုက်ခဲ့
ခိုင်းတယ် ...တော်ကြာလိုက်လာမှဖြင့်......."

ဟု ကြောက်ရွံ့သံအနည်းငယ်ဖြင့် ပြောသည်.
သို့ပေမယ့် သူတို့နောက်ကျသွားခဲ့ပါပြီ ခုနကပြေးနေတဲ့နွား...
လျင်မြန်နေတဲ့ ဘီးတွေဟာ...ယခုတော့ တအိအိဖြင့်သာ
နွားများကို မည်မျှပင် မောင်း၇ိုက်နေစေကာမူ....လှည်း၏ အမြန်နှုန်း
မှာ တိုးမလာပေ...
ဒီလိုနဲ့ သင်္ချိုင်းကျော်လွန်ပြီးနောက် တောင်ခြေမရောက်ခင် သဲချောင်း
တစ်ခုကိုရောက်တော့ ဦးထွန်းမြမှာ မူးပြီးအိပ်ပျော်နေလေပြီ...

"ကိုအေးမောင်....ရှေ့ချောင်းမှာ အိပ်ကြရအောင်ဗျာ
အဖေလည်းမူးပီး အိပ်ပျော်နေပြီ...ရေလည်းနည်းနည်း စီးနေသေးတော့ နွားတွေလည်းရေ အဆင်ပြေ
တာပေါ့......"

ရှေ့လှည်းကို လှမ်းအော်ပြောတော့ အေးမောင်လည်းသဘောတူလိုက်
သည်......ချောင်းမှာ ပေ(၁၀၀) ကျော်ခန့်ကျယ်သော သဲချောင်း
ဖြစ်ပြီး သစ်ရိပ်ဝါးရိပ်မရှိ၍ ကောင်းကင်၏အလင်းရောင်နှင် ဖြူဖွေးသော သဲတို့ကြောင့် အမှောင်အတိဖြစ်မနေပေ...စခန်းချအိပ်
စက်ရန် သင့်တော်သောနေရာပင်ဖြစ်သည်....
ပါလာတဲ့ ထမင်းထုတ်ကိုဖွင့်တော့ ချွေးပြန်ပြီ သိုးချင်နေချင်ပြီ သို့သော် လုံးဝမသိုးသေး... နွားကြိုးများကိုလည်း
လှည်း ရံတိုင်တွင်သာ ကြိုးရှည်ရှည်ချည်ပြီးအောက်က ခင်းယူလာ
သော ကောက်ရိုးတို့ကို ချကြွေးထားလိုက်သည်.........

ထိုညက......ဦးထွန်းမြမှလွဲ၍ ကျန်သုံးယောက်မှာ လုံးဝ အိပ်စက်၍
မရသောညတစ်ည
အကြောင်းမှာကား....... ဦးထွန်းမြ မူးပြီးခေါ်လာတဲ့ သရဲတွေက
ချောင်းထဲမှာ ဟိုမှသည် ကူးဖြတ်သွားလာနေတဲ့ အရိပ်တွေအပြင်
ထမင်းထုတ်လာတဲ့ ဒံအိုးဒံခွက်များကိုလည်း လှန်ခြင်း၊ ပစ်ပေါက်ခြင်း
နွားများသည်လည်း တအွန်း...အွန်းဖြင့် အော်မြည်နေတော့သည်....

"ထွန်းငယ် နွားတွေဆွဲခဲ့ကွာ ...ရေသွားတိုက်ရအောင် ထွန်းကြီးရေ...
မင်းကတော့...ထမင်းတွေပြင်ထားပြီး ကောက်ရိုးတွေချထားဟေ့...."

ဟုပြောကာ အေးမောင်က သူ့လှည်းက နွားတွေကိုဖြုတ်ပြီး လှည်း
ထောက်ခွကို လှည်းစီးခုံး နောက်မှ ဆွဲထုတ်ယူကာ လှည်းထောက်ရင်း
ပြောနေသည်....ထွန်းငယ်ကလည်း သူ့လှည်းကို နွားဖြုတ်...လှည်း
ထောက်ပြီး နွားများကို ရေများများရှိမည့် ချောင်းအထက်ပိုင်းဆီသို့
အေးမောင်နှင့်အတူထွက်သွားလေသည်........

အေးမောင်တို့ ခပ်ဝေးဝေးရောက်သွားချိန်တွင် ထွန်းကြီး..လှည်းပေါ်မှ ဆင်းက ကောက်ရိုးတို့ကို ဆွဲထုတ်နေသည် ထိုစဉ်.......
ဦးထွန်းမြ အိပ်နေသည့်လှည်းမှ ခွထောက်ကိုတစ်ဦးဦးက ရိုက်ထုတ်
လိုက်သလိုဖြစ်ကာ လှည်းတံပိုးမှာ အောက်သို....."ဗြုန်း..." ဆိုပြီး
ပြုတ်ကျသွားလေသည်....
လှည်းပေါ်မှာ မူးပီးအိပ်ပျော်နေသည့် ဦးထွန်းမြမှာ လှည်းဦးသို့
လျှောကျသွားသဖြင့် နိုးလာပီး...

"ဘယ်ကောင်လဲကွ..."

ဟုပြောကာ လှည်းပေါ်မှထသော်လည်း အသံသာထွက်ပြီး ခြေလက်တို့မှာ တစ်ဦးတစ်ယောက်က ချုပ်ထားသည့်နှယ် မလှုပ်
မယှက်ပက်လက်အနေအထားဖြစ်နေသည်ကို ထွန်းကြီးမြင်လိုက်ရလေသည်....

တောထဲသို့ပင်မရောက်သေး...လမ်းခုလပ်မှာပင်...ပြဿနာတွေကစနေခြေပြီ....

လှည်းပေါ်ကအဖေဖြစ်သူထံသွားထူမယ်လုပ်တဲ့ထွန်းကြီးကောက်ရိုးတွေကိုပစ်ချကာ အဖေ့ထံပြေးသွားမည်အပြု

"ဖြန်း..."

နောက်ကျောပြင်ကိုလက်ဝါးကျဲကြီးဖြင့်အရိုက်ခံလိုက်ရသည်
နောက်ကိုပြန်ကြည့်တော့ ဘယ်သူမှမရှိ........
ကျောပြင်တစ်ခုလုံးပူစပ်သွားသည့်အတွက် ဒေါသထွက်ကာ
မဖွယ်မရာစကားလုံးတွေနဲ့ဆဲလေတော့သည်

ထိုအချိန်မှာပင်သူ့ဆီသို့အရိပ်တစ်ခုအပြေးအလွှားလာနေသည်...
_____________________
ဆက်ပါဦးမည်......
_____________________
"ဥစ္စာစောင့်တို့ အပြန်"
အပိုင်း(၂)
!!!!!!!!!!!!!!!!!!!!!!!!!!!!!


"ထွန်းကြီး...ထွန်းကြီး ဘာဖြစ်လို့လည်း....."

အနီးနားရောက်မှ အေးမောင်မှန်းသိလိုက်ရသည်...လက်ထဲမှာလည်း
တုတ်တစ်ချောင်းကိုင်ထားတာတွေ့ရသည်...ထွန်းကြီး...အော်သံကြားလို့ အပြေးအလွှား ထွက်လာသည်ထင်၏

"သရဲအခြောက်ခံရပြီထင်တယ်......"

ထွန်းကြီးမှ အစချီကာ ဖြစ်ပျက်အစုံကိုပြောပြလို့ပင်မဆုံးသေး...

"အမေ.့......"

ချောင်းအထက်ပိုင်းဆီမှထွန်းငယ်ရဲ့ အော်သံကွဲကြီးတစ်ခုကိုကြားလိုက်ရသည်....
စကားပြောနေရင်းပင် ထွန်းကြီးသည်...ထွန်းငယ်ရှိရာဆီသို့ချက်ချင်းပြေးသွားသလို
အေးမောင်လည်း ထွန်းကြီးနောက်မှ ပြေးလိုက်ပါသွားသည်...
ထွန်းငယ် အနားရောက်တော့ မလှုပ်မရှက် နွား လေးကောင်ကြိုးကိုလက်နှစ်ဖက်မှ ကိုင်ရင်း
ရပ်နေတာကိုတွေ့ရသည် မေးတော့လည်း
ဘာမျှမဖြေ...ကျောကိုအသာပုတ်ကာ ခေါ်မှ သတိပြန်ရသလိုဖြစ်လာပြီး...

" သ...သ..သရဲ ရေထဲမှာ"

ရေပြင်ကို ကြည့်လိုက်တော့ လူတစ်ယောက်ရေထဲဆင်းသွားသည့်
ပမာ ရေလှိုင်းတို့က ချောင်းစပ်ကိုတိုးဝှေ့ဆဲ

"အကို သွားရအောင် ဒီမှာလည်းမအိပ်နဲ့တော့ သရဲတွေအများကြီးပဲ"

ထိုအချိန်မှပင် ထွန်းကြီးလည်း သူ့အဖေ ဦးထွန်းမြကိုပြန်လည်သတိရကာ

"ကိုအေးမောင်...ခင်ဗျားက နွားတွေကိုဆွဲပြီး ထွန်းငယ်နဲ့အတူလိုက်ခဲ့ဗျာ...ကျနော်အဖေ့ကိုသွားကြည့်ဦးမယ်...တခါတည်း ဒီချောင်းကနေ
ဆက်ထွက်ရအောင်ဗျာ..."

ဦးထွန်းမြကတော့ ဆက်၍ပင်အိပ်ပျော်နေပြန်ပါပြီ....
နွားတွေကို လည်းမှာတပ်ကာ စခန်းချနား မအိပ်စက်တော့ပဲ တောင်ပေါ်သို့သာ ညတွင်းခြင်းဆက်လက်ထွက်ခွာလာတော့သည်...
ချောင်းတစ်လျှောက်...နောက်မှ မဲမဲ အရိပ်များကကပ်လျက် ဟိုမှသည်ကူးလွှားကာ လိုက်ပါလာသော်လည်း
ချောင်းစပ်ကျော်သွားသည့်အခါ ဆက်လက်ပါမလာတော့ပေ...
ထိုအချိန်မှသာ သုံးဦးသား သက်ပြင်းချနိုင်ကြပြီး...ထွန်းကြီးကတော့
အဖေဖြစ်သူကိုကြည့်ရင်းသာလိုက်ပါလာခဲ့တော့သည်....
နံနက်အာရုဏ်တက်ကာနီးပြီ...တောင်ပေါ်သို့ တအိအိနဲ့ လမ်းတစ်လျှောက်တက်ခဲ့သောနွားများလည်းပင်ပန်းနေပြီ....
စခန်းမချသော်လည်း အေးမောင်...က

"ထွန်းကြီးရေ...တို့တွေတော့ လှည်းပေါ်မှာအိပ်ငိုက်ရင်းလိုက်ပါလို့
သိပ်မပင်ပန်းပေမဲ့ နွားတွေတော့ မောလှရော့မယ်ကွ...ခဏလောက်
အနားပေးပြီး နွားတွေကိုရေတိုက်ရအောင်ကွာ....
ရှေ့နားမှာ တောင်ကျရေကျသံတော့ကြားတယ်ကွ
ရောက်ဖို့လည်းမလိုတော့ပါဘူး...နောက်နှစ်နာရီလောက် မောင်းရင်ရောက်လောက်ပါပြီ..."

ထွန်းကြီးတို့လည်းနားရင်း ညက အဖြစ်အပျက်ကို အတွေးကိုယ်စီဖြင့်ငြိမ်သက်ကာတွေးနေမိကြသည်
ထိုအချိန် ဦးထွန်းမြမှာ အိပ်ယာမှ နိုးလာပြီဖြစ်သည်...

"ဟ...မိုးတောင်လင်းနေပြီပဲ...ဘယ်ရောက်ပြီတုံး..."

"ရောက်တော့မယ်အဖေ...နွားတွေခဏရေတိုက်နေတာ ပြီးရင်ဆက်ထွက်မှာ...
အဖေ ညက မူးပြီးလျှောက်ပြောတာ ကံကောင်းလို့ သရဲအစီးခံရ
ပီး အသက်ပါမသွားတာ..."

ထွန်းကြီးက ပြောတော့ ဦးထွန်းမြက

"ဘာ သရဲစီးတယ်ဟုတ်လား
ရာရာစစကွာ ငါ့ကိုလား စီးမှာ... ငါက ပြန်ပြီးစီးလိုက်ဦးမယ်
ဘာသရဲမှမစီးဘူး
အိပ်ကောင်းတာမှတစ်ရေးမှတောင်မနိုးဘူး..."

ညက အဖြစ်အပျက်ကို မူးနေ၍ သတိမရတာဖြစ်မည်....
ဒီလိုနဲ့ နွားများရေတိုက်အပြီး....ဆက်ထွက်လာကြရင်း နှစ်နာရီနီးပါးကြာသောအခါ မြေပြန့် ကျယ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်...
သစ်ကြီးဝါးကြီးပင်များမရှိ ခြုံနွယ်ပိတ်ပေါင်းများသာရှိပြီး ၅ ဧကမျှလောက် ကျယ်ဝန်းသောမြေပြန့် ပတ်ပတ်လည် တွင် တောင်များရှိသော်လည်း သိသာသည့် အနီးဆုံးတွင် တောင်သုံးလုံးက ၀န်းရံထားသည်....
နောက်တွင်တော့ ရှု့မဆုံးသော တောင်တန်းတွေနှင့် သစ်ကြီးဝါးကြီးများပေါက်ရောက်နေသော တောနက်ကြီးသာဖြစ်သည်....
ဦးထွန်းမြက ...

"ရောက်ပြီဟေ့ ...လှည်းရပ်လိုက်ဦး...ငါ တဲထိုးဖို့နေရာရှာပီး
ထမင်းဟင်းချက်လိုက်မယ်
အေးမောင်...မင်းတို့သုံးယောက်က ၀ါးသွားခုတ်ချေ...နွားတွေကို
လှည်းဖြုတ်ပီး.....တစ်နေရာရာမှာ လှန်ထားခဲ့ကြ"

အေးမောင်တို့ ၀ါးခုတ်ပြီးပြန်လာတော့ ဦးထွန်းမြက ခြေခင်းလက်ခင်းသာသော နေရာတစ်ခုမှာ ထမင်းချက်နေသည်ကိုတွေ့ရပြီး တဲထိုးမဲ့
နေရာကိုလည်း မြက်ရှင်းထားသည်....တဲထိုးမည့်နေရာမှာ ဆယ်ပေပတ်လည်ခန့် လုံးပတ်ရှိလောက်မည့် ဇီးဖြူပင်ကြီး အောက်တွင်ဖြစ်သည်...ဘေးနားမနီးမဝေးတွင်
စမ်းချောင်းငယ်တစ်ခုကတိုးတိတ်စွာစီးဆင်းလျက်..
ရေသဖန်းပင်တို့ကအစီအရီပေါက်နေသည်....
ဦးထွန်းမြ တဲထိုးမဲ့ နေရာရွေးတာ တော်လိုက်တာဟု
အေးမောင် စိတ်ထဲက ချီးကျူးမိလိုက်သည်

"ထမင်းအရင်စားမယ်ဟေ့...ဟင်းကတော့ ပါလာတဲ့ အမဲခြောက်ဖုတ်ဆီဆမ်းနဲ့ပဲ...ပီးရင် တဲထိုးရအောင် ဒီနေ့တဲအပြီးထိုးမယ်...
တဲဆောက်နေချိန်...တောမီးရှို့ထားလိုက်...အောက်ခြေမြက်တွေနှင့်ခြုံတွေပါသွားလိမ့်မယ်...နက်ဖန်ခါ သစ်မြစ် စတူးကြမယ်..."

လုပ်ရမဲ့ လုပ်ငန်းတွေကို အစဉ်လိုက်
ဦးထွန်းမြက ပြောပြသည်......

ထမင်းစားသည့်အချိန်တွင် ထွန်းငယ်သည် စားဦးစားဖျားတို့ကို
စွန့်ကျဲပြီးမှ စားတတ်သောအကျင့်၇ှိသည်...တောတောင်ထဲတွင် ထိုသို့ပင် ဘာပဲစားစား စားဦးစားဖျားကို ထွန်းငယ်က စွန့်ကျဲသည်...

တဲထိုးပြီးသည့်အချိန်သည်...နေ့လည် ၁ နာရီကျော်သွား
ပြီ...ဦးထွန်းမြက တောကောင်ဟင်းစားလေးဘာလေး
ရလိုရငြား လှံယူ၍
ထွန်းငယ်ကိုခေါ်ကာ တောလိုက်ထွက်သည်...
အေးမောင်တို့က တောမီးရှို့၍
ထွက်ပြေးလာသော တောကောင်များကို အရံသင့် စောင့်ပစ်ရန်ဖြစ်သည်....

ညနေစောင်းတော့ ယုန်တစ်ကောင်...တောခွေးတစ်ကောင်တို့ကိုသယ်
၍ ဦးထွန်းမြတို့သားအဖ တဲသို့ ပြန်ရောက်လာသည် တောမီးမှာလည်းနွေမို့ထင်သည် မြက်ခြောက်တွေကို တဖြောင်းဖြောင်းမြည်အောင်တောက်လောက်ပြီး တောင်သုံးလုံးအကြားကွက်လပ်ကိုပုံဖော်နေသည်...
မီးလောင်းပြီးသားကွင်းပြင်ကိုကြည့်ရင်း ဦးထွန်းမြက
"အေးမောင်ရေ...အကောင်တွေ သယ်ခဲ့ကွာ ဟိုး အလယ်မှာ ကျောက်တုံးတစ်တုံးရှိတယ် အဲဒီိမှာ အကောင်သွားဖျက်ရအောင်
ဒီမှာဆိုရင် တဲဘေးမှာနံနေလိမ့်မယ်..."

ဦးထွန်းမြပြောသည့် ကျောက်တုံးမှာ တောင်သုံးလုံး၏ အလယ်တည့်တည့်လောက်တွင်ရှိနေသည်...
ဦးထွန်းမြနှင့် အေးမောင်တို့ တောခွေးနှင့်
ယုန်တို့ကို ကျောက်တုံးပေါ်တင်ဖျက်ကာ ညစာအတွက်အပြင် နောက်တစ်နေ့စာအတွက်ပါ လုံးထားလိုက်သည်....
တစ်နေကုန်ပင်ပန်းထားသည်မို့ အားလုံး
ထမင်းစားအပြီး.....ညဘက်တွင်တစ်ချိုးတည်းအိပ်ပျော်သွားကြသည်....
ထိုနေ့ည အိပ်မက်က ထူးဆန်းသည်
တောင်ယာတဲအသစ်တစ်ခုတည်းမှာ လူ ၄ ယောက်အိပ်သည်
မက်သည့် အိပ်မက်ကလဲ တစ်ခုတည်း...
အိပ်မက်ထဲမှာ.............

"နင်တို့က တောင်ပိုင်ဘိုးဘိုးကြီးနယ်ထဲကိုလဲ ကျူးကျော်လာသေးတယ်တောင်ပိုင်ဘိုးဘိုးကြီး
တရားထိုင်တဲ့ကျောက်ဖျာမှာလဲ အသားစိမ်း
တွေခုတ်တယ်၊ အဲဒီအတွက် နင်တို့အသက်နဲ့ ပြန်ပေးဆပ်ရမယ်...
ပထမဦးဆုံး အေးမောင် ကိုအရင်သတ်မယ် ပြီးရင် ခေါင်းဖြူကြီး(ဦးထွန်းမြ)ကိုသတ်မယ်...ဒီတောင်သုံးလုံးနယ်မြေဟာ တောင်ပိုင်
ဘိုးဘိုးကြီးနယ်မြေ၊ ဥစ္စာစောင့်တွေကိုးကွယ်တဲ့ တောင်ပိုင်ဘိုးဘိုးကြီးရဲ့နယ်မြေပဲ..."
သာမန်အရပ်သားအ၀တ်အစားနဲ့ လူရွယ်တစ်ယောက် သူတို့ ၄ ယောက်ကိုလာပြောခြင်းဖြစ်သည်......
နံနက်မိုးလင်း၍ ထမင်းကြမ်းစားကြသောအခါ အသက်အငယ်ဆုံးဖြစ်သူ ထွန်းငယ်က စားဦးစားဖျားအနည်းငယ်ကိုစွန့်ကျဲအပြီး သူ့
အိပ်မက်ကို အားလုံးကိုပြောပြတော့ အားလုံးလည်း ထိုနည်းတူမက်ကြောင်းပြောကြသည်...ဦးထွန်းမြကတော့ အယူသီးသူပီပီ...အိပ်ယာ အချိန်းအပြောင်းမို့ ပေါက်တတ်ကရတွေမက်တာပါကွာ...ဘာမှမဖြစ်
ဘူး ကြောက်မနေကြနဲ့...ဟုပင်ပြောကာ ပေါ့ပေါ့တန်တန်ပင်...

"ဘာမှ တွေးမနေနဲ့ ငါတို့ဒီကိုလာတာ ယာခုတ်ဖို့လာတာ ကြောက်နေရင်အလုပ်ဖြစ်မှာမဟုတ်ဘူး...ဒီနေ့ ထွန်းငယ်က တဲမှာအစောင့်နေခဲ့ ထမင်းချက်၊ ရေခပ်၊ ထင်းရှာထား.. တို့သုံးယောက်က ခြုံရှင်း၊ သစ်မြစ်သွားတူးမယ်..."

ထမင်းကြမ်းစားပြီးနောက် ဦးထွန်းမြတို့ သစ်မြစ်သွားတူးပြီး ထွန်းငယ်က တောင်ခြေရှိ စမ်းချောင်းသို့ ရေသွားခပ်သည်....
ရေခပ်နေချိန် သူ့နောက်မှ တစ်ခုခုချည်းကပ်လာသလို ခြေသံသဲ့သဲ့ကြားလိုက်ရသည်....ရုတ်တရက် နောက်လှည့်ကြည့်လိုက်တော့...
အသက် ၁၈ နှစ်ဝန်းကျင်မျှရှိမည်ထင်ရတဲ့ မိန်းကလေးတစ်ယောက်..................
ထမိန်တိုတိုနှင့် သာမန် မိန်းကလေးတွေဝတ်တဲ့ အ၀တ်အစား အစိမ်းရောင်ဖြင့်...သူ့အနားသို့ ပြုံးပြပြီး တိုးလာသည်...
တခမ်းတနား ဖွဲ့ဆိုရလောက်အောင်လှပသည့် အလှမဟုတ်ပေမဲ့
တင်းရင်းသည့် ခန္စာကိုယ်နှင့် မျက်နှာဝိုင်းလေးဖြင့် ယဉ်ကျေးသည့်အလှမို့
သာမာန်မိန်းကလေးတွေထက် လှပနေသည်...
ထွန်းငယ်က .........အနည်းငယ်အံ့သြနေသော်လည်း...ဒီလိုတောထဲမှာ သူ
တို့လို တောင်ယာလာလုပ်တဲ့ လူတွေမို့ ရေလာခပ်သည်ထင်၏...ဒါကြောင့်

"နင်ရေခပ်မလို့လား...လာလေ ငါခပ်ပေးမယ်..."

အချင်းချင်းကူညီရိုင်းပင်းတတ်သည့်ထွန်းငယ်က ထိုးကလေးမငယ်ကို စကားပြောလိုက်တော့ ကောင်းမလေးမှာ သွားလေးမပေါ်တပေါ်ပြုံး၍ ...

"ကိုထွန်းငယ်က သဘောကောင်းတယ်နော်...ညီမလေးတို့ကိုလည်း
အစားအစာတွေကြွေးတယ်...ကိုထွန်းကြီးကတော့ သဘောမကောင်းဘူး...နှုတ်လဲကြမ်းတယ်.......
ညီမလေးတို့ကတော့ကိုထွန်းငယ်ကို ပိုခင်တယ်..."

ထွန်းငယ် ထိုကလေးမငယ်၏စကားကြားရတော့ မအံ့သြပဲမနေနိုင်တော့ ကလေးမက သူ့နာမည်အပြင်
သူ့အကိုနာမည်ကိုပါသိနေသည်
ပြီးတော့ သူတို့ကို အစားအစာကြွေးသည်တဲ့...
သူတို့....
သူတို့ဟုဆိုသော်လည်း သူ၏မြင်ကွင်းမှာ ထိုကလေးမ တစ်ဦးတည်းသာ သူအံ့သြနေပုံကိုကြည့်ပြီး ထိုကလေးမကပင်
ဆက်၍....

"ကိုထွန်းငယ်က စားဦးစားဖျားတွေကို ညီမလေးတို့အတွက်စွန့်
ကျဲတာ ညီမလေးတို့ကို အစားအစာကြွေးတာပဲပေါ့...ပြီးတော့
မုန့်စားရင်လည်း ကိုထွန်းငယ်က ညီမလေးတို့ကိုကြွေးတယ်...
ညီမလေးတို့က အကိုတို့လေးယောက်လုံးနာမည်တွေကိုလည်း
သိတယ် ဘာလုပ်နေတယ်ဆိုတာကိုလဲသိတယ်... ညီမလေးတို့
က ဒီမှာနေတာလေ...ညီမလေးတစ်ယောက်တည်းမဟုတ်ဘူး
အများကြီးရှိသေးတယ်....ညီမလေး ပြန်တော့မယ်နော်..."

ဟုပြောကာ နောက်လှည့်ပြီးပြန်ထွက်သွားကာ ချောင်းရိုးလျှိုများအကြားတွင် ပျောက်ကွယ်သွားတော့သည်...
တောတက် လာကာမှ အထူးအဆန်းတွေချည်း
တွေ့နေရသလို ဒီနေရာမှာ ဘုရားတရားမြဲဖို့ မရိုင်းစိုင်းမိဖို့လိုတာ
ထွန်းငယ် သိလိုက်သည်... ထိုနေ့အတွေ့အကြုံကို သူ့အဖေနဲ့
ထွန်းကြီးကိုတော့ မပြောပြတော့... အဖေက တယူသီး အကိုက
အဖေ့လောက် အယူမသီးပေမဲ့ ကမူးရူးတိုးသမား...ဒါကြောင့်
အေးမောင်ကိုသာ ပြောပြဖြစ်သည်... အေးမောင်ကတော့ သူ
ပြောတာကို သိပ်ယုံချင်ပုံမပေါ်..အသက်လည်း အငယ်ဆုံးမို့ တဲမှာ တစ်ယောက်ထဲ စိတ်ကယောင်ခြောက်ခြားဖြစ်နေတာဟု
ထင်နေပုံရသော်လည်း သူပြောတာကို ဘာမျှ မှတ်ချက်မပေးပဲ
နားထောင်နေသည်.......

တောင်သုံးလုံးတွင် တတိယမြောက်နေ့...
ဒီနေ့ ထွန်းကြီး တဲစောင့် အလှည့်ကျသည်.....
ရေခပ်သည်...ထင်းရှာသည်...ထမင်းချက်ဖို့ မီးစမွှေးသောအခါ
လေမတိုက်ပါပဲ မီးမှာ ချက်ခြင်းသေသေသွားသည်
မီးဖိုကို အာရုံစိုက်မွှေးနေခိုက်....
ဘေးနားမှာ အရာဝတ္ထုတွေ လှုပ်ရှားနေတာကို
ထွန်းကြီးသတိမမူမိပေ........
အချိန်အတော်ကြာ မီးမွှေးလိုက်ရသည်...
ထမင်းအိုးတည်ကာ ထင်းထပ်ထည့်ဖို့...ဘေးကဇီးဖြူပင်အောက်ကို လက်လှမ်းယူတော့...ထင်းတွေမရှိတော့......
သူရှာထားတဲ့ ထင်းတွေကို ဇီးဖြူပင်အောက်မှာ ပုံထားပေမဲ့
ယခုမရှိတော့ပေ.... ဟိုနားတစ်ချောင်း ဒီနားတစ်ချောင်း ပွကြဲ
နေသည်...စိတ်ဆတ်သောထွန်းကြီး မီးကို အချိန်အတော်ကြာ
မွှေးနေကတည်းကပင် ဒေါသထွက်နေပြီမို့ ယခု ထင်းတွေပြန့်ကျဲနေတာကိုကြည့်ရင်း... အော်ဆဲနေသည်....

သူ..ဒေါသထွက်ပြီး တစ်ယောက်ထဲဆဲဆိုကျိမ်းမောင်းရင်း
ထမင်းချက်နေသည်ကို ကြည့်ပြီး ဇီးဖြူပင်ကြီးပေါ်မှ
တိုးတိတ်ရယ်မောနေသူ တွေကိုတော့
ထွန်းကြီး...မမြင်ရပါပေ.........
ထိုသူတွေကတော့...
++++++++++++++++++
ဆက်ပါဦးမည်
++++++++++++++++++

"ဥစ္စာစောင့်တို့ အပြန်"
အပိုင်း (၃)
=================

ရယ်သံ တိုးတိုးတိတ်တွေကြားမှာ ဇီးဖြူပင်ကြီးကတော့
ယိမ်းနွဲ့လှုပ်ရမ်းလျက်.......
ဒေါသထွက်နေတဲ့ထွန်းကြီးတစ်ယောက်ကတော့...
ထင်းခြောက်တွေကိုပြန်စုရင်း...တစ်ယောက်တည်း
အော်ဟစ်ဆဲဆိုကာ...ထမင်းအိုး ကျက်ခါနီး
နှပ်ထားချိန် ချောင်းသို့ရေခပ်သွားသည်...
ခဏအကြာတွင်...
လူတစ်ဦး တဲဘေးက မီးဖိုနားသို့ရောက်ရှိလာသည်
မီးဖိုပေါ်ရှိထမင်းအိုးကို အသာအယာ မ, ပြီး
မီးဖိုဘေးသို့အသာအယာချလိုက်သည်...
ဘေးနားမှာ ပုံထားသော ထင်းချောင်းတို့သည် မီးဖိုထဲသို့
မီးစာအဖြစ်စုပုံထားရှိပြီး မီးငွေ့နည်းနည်းမျှသန်းနေအောင်
လုပ်လိုက်သည်...ထို့နောက်...ဇီးဖြူပင်ရှိရာ တဲနောက်သို့ဝင်
ရောက်ပျောက်ကွယ်သွားလေသည်....

ထွန်းကြီးရေခပ်ပြီးပြန်လာတော့ ထမင်းအိုးကို မီးဖိုပေါ်မှ ချထားတာတွေ့ရပီး... ထင်းများပါ ပြန်လည် စုစည်းထိုးထည့်ထားသည်ကိုမြင်ရတော့.....စိတ်ထဲတွင် ရေရွတ်လိုက်မိသည်...

"အဖေတို့များ တဲကို  ခဏပြန်လာတုံး လုပ်သွားတာထင်တယ်
အေးလေ....ငါ သက်သာတာပေါ့"

နေ့လည်ထမင်းစားချိန်ရောက်တော့ ဦးထွန်းမြတို့ တဲကိုပြန်လာသည်
အေးမောင်ကတော့ တစ်ကိုယ်လုံးတဆတ်ဆတ်တုံလျက်
ပုဆိုးခြုံ၍လာနေသည်...တဲကိုရောက်တော့ ထမင်းပင်မစားနိုင်တဲအတွင်းသို့ဝင်ကာလှဲအိပ်တော့သည်...ဦးထွန်းမြက နောက်မှ ၀င်လိုက်ကာ တိုင်တွင်ချိတ်ထားသော
လွယ်အိပ်ထဲမှာ ဆေးတချို့ကိုထုတ်ပြီး အေးမောင်ကို
ဆေးတိုက်နေသည်...ဆေးတိုက်အပြီး
စောင်အသာအယာခြုံပေးကာတစ်ရပ်မလွတ်သော တဲ၏ တံစက်မြိတ်ကို ခေါင်းငုံကာ ထွက်လာရင်း....

"ထွန်းကြီး...နေ့လည်ပိုင်းတော့ အေးမောင်အစား မင်းလိုက်ခဲ့
တဲစောင့် အေးမောင်ကိုထားလိုက် ဒီကောင် ဖျားနေ
တယ်...ညနေလောက်ဆို သက်သာသွားမှာပါ
ညစာကိုသူမချက်နိုင်လဲအကျန်ပဲစားကြတာပေါ့ကွာ
...အခုတော့
ခြေဖျားလက်ဖျားတွေ အေးစက်နေတယ် ကြည့်ပါဦး...
အဖျားတက်ပြီးချမ်းလို့ထင်တယ် အိပ်နေတာက ခေါင်းအုံးကို
စောင်ခြုံပေးထားသလိုပဲ..."ဟု

အေးမောင်အိပ်နေတဲ့နေရာကို ခါးထောက်ကာ မေးငေါ့ပြော
နေလေသည်

ထမင်းစားသောက်ပီး တစ်နာရီခန့်နားကာ ဦးထွန်းမြတို့ သား
အဖ သုံးယောက် တောင်ယာခုတ်ဖို့ တဲမှ ထွက်ခွာသွားလေသည်
ဦးထွန်းမြတို့ မြင်ကွင်းမှ ပျောက်ကွယ်ကွယ်သွားချိန် ခဏ
အကြာတွင် မိန်းမပျို(၂)ဦး တဲအတွင်းသို့...တိတ်တဆိတ်
ဝင်ရောက်သွားသည်....

"အကို အေးမောင် ...အကို...ထပါဦး..."

နားထဲမှာ ချိုလွင်သော သံသာသာဖြင့် ခေါ်ဆိုနေတဲ့ ခေါ်သံ

"အကို ထထ...ရော့ ဒီဆေးလေးသောက်လိုက် အဖျားပျောက်
သွားလိမ့်မယ်... ညီမလေးရေ...ရေခပ်ပေးပါဦး...."

ဘေးမှပါလာတဲ့ မိန်းမပျိုတစ်ဦးက တဲအပြင်က ဇီးဖြူပင်ခြေမှာ
ချထားတဲ့ သောက်ရေအိုးကရေကို တစ်ခွက်ခပ်ရင်း...
အေးမောင်ရှိရာတဲဆီသို့ ကပိုကရိုဖြင့်
အပြေးကလေးပြန်ဝင်လာကာ...

"မမလေး...ရေရပြီ"

လက်တစ်ဖက်ဖြင့်တွဲကာ ထထိုင်စေပြီး...
ပါလာတဲ့ ဆေးတချို့ကို မမလေးဟုဆိုသူက အေးမောင်၏
ပါးစပ်ထဲသို့အသာအယာထည့်ပေးကာ ရေတိုက်နေသည်...

"ညီမလေးရေ...အကို အေးမောင်က ဖျားနေသေးတယ်
ညနေစာ ထမင်းချက်နိုင်မယ်မထင်ဘူး...ညီမလေးကပဲ
သူလုပ်ရမဲ့ ထမင်းချက်ရေခပ် ထင်းရှာတာတွေကို လုပ်ပေး
လိုက်ပါကွယ်...မမလေးဒီမှာပဲရှိမယ်..."

ခဏကြာတော့ အေးမောင် အဖျားသက်သာသလိုဖြစ်လာသည်
ရေဆာလို့  ရေသွားသောက်ဖို့ အိပ်နေရာမှထလိုက်ချိန်
သူ့နံဘေးမှာ ကျို့ကျို့လေးထိုင်နေတဲ့ မိန်းကလေးတစ်ဦး...
(နန်းဆန်၍ လှပသည့်မိန်းကလေးတစ်ဦး ) သူ့ကိုပြုံးရွှင်စွာ
ကြည့်ရင်း ရေခွက်ကို အသာအယာလှမ်းပေးနေသည်....

"အကိုအေးမောင် သက်သာသွားပြီလား...ရော့ အကိုနိုးလာရင်
သောက်ဖို့ ညီမ ရေခပ်ပေးထားတယ် သောက်လိုက်ပါဦး..."

"နင်တို့က ဘယ်သူတွေလဲ...ငါ့အနားသိပ်မကပ်နဲ့ ဦးထွန်းမြတို့
မြင်သွားရင် မကောင်းဘူး..."

အေးမောင်ပြောတာကို တခစ်ခစ် ရယ်ရင်း
ရေခပ်ရာမှာ ပြန်လာသည့် မိန်းကလေးငယ်က....

"ခစ်...ခစ်...
မမလေး လူရွေးတာမှန်သွားပြီ...အကိုအေးမောင်က အတော်
ရိုးအေးတာပဲ...."

"နင်တို့က ဘယ်ကလဲ ငါ့ကိုသိလို့လား..."

" အကိုအေးမောင် အဖျားသက်သာကာစ ပြန်ပီးအနားယူလိုက်
ပါဦး...အကိုလုပ်ရမဲ့ ညစာထမင်းဟင်းချက်တာ၊ ရေခပ်တာ၊ ထင်းရှာတာတွေအကုန် လုပ်ထားပေးပြီးသွားပြီ...
မနက်ဖန်မှ ပြန်လာခဲ့မယ်နော် မနက်ဖန် အကိုအေးမောင်
တဲစောင့်ရမဲ့နေ့မဟုတ်လား..."

"မမလေး...အကိုကြီးတို့ပြန်လာကြပြီထင်တယ် သွားရအောင်"

မမလေးဆိုသူက အေးမောင်ဘေးမှ ညင်သာစွာထပီး...တဲအ
တွင်းမှထွက်ခွာရန်ဟန်ပြင်ခိုက်...

"အခုလိုကူညီတာ ညီမလေးတို့ကို ကျေးဇူးတင်ပါတယ်နော်..."

ပီတိတို့ရွှန်းဝေသွားသည့် မျက်နှာဖြင့်
နောက်လှည့်၍အေးမောင်ကို ပြုံးပြကာ ...

"နောက်နေ့တွေ အကိုတဲစောင့်ကျတဲ့နေတိုင်း ညီမတို့
အကိုအေးမောင်ဆီအလည်လာပါ့မယ်...အခုတော့ သွားပြီနော်"

ခြေမျက်စေ့ထိဖုံးနေတဲ့ လုံချည်စလေးကို လက်တစ်ဖက်ဖြင့်
လမ်းလျှောက်သာအောင်မတင်ကာ မနှေးမမြန်...
အပြေးလေးဖြင့်ထွက်ခွာသွားတာကို ငေးကြည့်ရင်း အေးမောင်
ပြန်လည်အိပ်ပျော်သွားတော့သည်....

"အဖေတို့ နောက်တစ်ခါ အကောင်ပလောင်တွေတွေ့တိုင်း
မသတ်နဲ့ဗျာ...စားလို့ရတာလဲမဟုတ်ဘူး ခြောက်လှန့်ပြီးနှင်ထုတ်
လိုက်လဲရတာပဲ...
"
"ဒီကောင်ကလဲတမှောင့်...ညီလေး မြွေဆိုတဲ့အမျိုးက မင်းက
သူ့ကို မသတ်ရင် တစ်ချိန်ကျရင် မင်းကို သူကသတ်သွားလိမ့်
မယ်..."
" ဘာဖြစ်ဖြစ်ပေါ့အကိုရာ...သူတို့ကိုဘာမှမလုပ်ရင်...သူတို့က
လဲဘာမှပြန်မလုပ်ပါဘူးဗျာ...ပီးတော့ ဒီနေရာက....
တောင်ပိုင်ဘိုးဘိုးကြီးနယ်...."
"မင်း...သောက်ပါးစပ်ပိတ်ထား ဘာတောင်ပိုင်ဘိုးဘိုးကြီးနယ်
လဲ...ဒီနေရာ ဘယ်သူမှ မပိုင်လို့တောင် ငါတို့ တောင်ယာလာ
လုပ်နေတာမဟုတ်လား...ဒီနေရာ ရှင်းပီးရင် ဒါ ငါတို့ပိုင်တဲ့
နယ်ဖြစ်သွားပြီ...ဘယ်ဘိုးဘိုးကြီးမှ မပိုင်တော့ဘူး..."

ဦးထွန်းမြက ထွန်းငယ်ပြောနေတဲ့စကားကိုကိုဖြတ်ကာ
ပြောလိုက်သည် ...နှစ်ယောက်တစ်ယောက် အယူအဆချင်း
မတူသည်ကတစ်ကြောင်း...တစ်ယောက်က ဖခင်၊ နောက်တစ်
ယောက်က အကို...သူဆက်ပြီး ငြင်းခုံပြောဆို၍မရမှန်း ထွန်း
ငယ်သဘောပေါက်လိုက်သည်...သူဘာတတ်နိုင်တော့မည်လဲ
လုပ်ငန်းမြန်မြန်ပီးအောင်သာအာရုံစိုက်ရတော့မည်....

" ဒီလင်းမြွေကို အရေခွံဆုပ်လိုက်မယ် ထွန်းငယ်...ရေနွေးအိုး
တည်ထားကွာ...မြွေအရေခွံ့ဆုပ်ပီး နုတ်နုတ်လေးစင်း ရေနွေး
ဖြောပြီး မဆလာနိုင်နိုင်လေးနဲ့ ကြော်လိုက် ထွန်းကြီးက
အရက်အဆီစပ်လိုက်ကွာ...ထမင်းမစားခင်...အညောင်းအညာ
ပြေ မြွေသားကြော်လေးနဲ့မြည်းလိုက်ရအောင်..."

တဲအပြင်က ဦးထွန်းမြတို့သားအဖတတွေ ပြန်ရောက်နေပြီ
ထင်သည်...အေးမောင်အိပ်ယာမှနိုးလာသည်....
ရုတ်တရက် အိပ်မက်လိုလို တကယ်လိုလိုနဲ့ ရောက်လာတဲ့
မမလေးဆိုသူနဲ့ မိန်းကလေးတစ်ဦးအကြောင်း သူပြန်စဉ်းစား
နေမိသည်...အဖျားကြီးနေလို့ ကရောင်ခြောက်ခြားအိပ်မက်
မက်သည်ဟုပဲ တွေးလိုက်မိသည်...ထိုစဉ်

"ဟားးး...ကိုအေးမောင်ရဲ့လက်ရာက ကောင်းလှချေလား...
အမဲခြောက်ငါးပိတ်ချက်..မွှေးနေတာပဲ အဖေရေ....ကျူပ်တော့
ဗိုက်တောင်ဆာလာပီဗျာ..."

ရေနွေးအိုးတည်ဖို့ မီးဖိုဘေးရောက်သွားတဲ့ ထွန်းငယ်က
စလောင်းဖုံးကိုလှန်ပီး မျက်လုံးကိုစုံမှိတ် ဟင်းအနံ့ကိုရှုရှိုက်ကာ
ပြောနေသည်...

"ဟေ..."

အေးမောင် လှဲမနေနိုင်တော့...သူမချက်ပါပဲ ဟင်းက ချက်နှင့်
နေပြီးဖြစ်သည်...မီးဖိုနားသွားကြည့်တော့ ထမင်းလည်းချက်
ပီးသားအရံသင့်...

"ဒါ...ဒါဆို...ခုနက အိပ်မက်မဟုတ်ဘူးပေါ့"

အေးမောင်...အံ့သြစွာဖြင့်စိတ်ထဲ၌ ရေရွတ်လိုက်သည်...
နေလုံးကိုကြည့်တော့ အနောက်ဘက် ရိုးမတောင်တန်းကြီးမှာ
ထက်ဝက်ခန့်သာမြင်ရပီး...ကောင်းကင်းတစ်ခုလုံး ရဲရဲနီနေသည်...ညနေမှောင်ရီပျိုးစချိန်ရောက်နေပေပြီ...

"ဟော...အေးမောင်တောင် နိုးလာပီ...လာကွာ မင်းလည်း
ဖျားနေတာ ပျောက်သွားအောင် မြွေသားကြော်လေးနဲ့ အရက်
လာမြည်းလှည့်...ထွန်းကြီး...အေးမောင်အတွက် တစ်ခွက်ငှဲ့
ပေးလိုက်ကွာ..."

အေးမောင်...ထွန်းကြီးလှမ်းပေးတဲ့အရက်ခွက်ကို တစ်ကြိုက်မျှသောက်လိုက်ကာ ရှုံ့မဲ့သွားပြီး...မြွေသားကြော်
တစ်တုံးကိုလှမ်းယူကာမြည်းလိုက်သည်....

"ပြင်းလိုက်တာကွာ...မင်းအရက်ကလည်း..."

"ကိုအေးမောင် အဖျားပျောက်သွားအောင် တမင် ခပ်ပြင်းပြင်း
လေး
စပ်လိုက်တာပါဗျာ...နောက်တစ်ခွက်မှအနေတော်စပ်ပေးမယ်"

"ပျော့ပျော့ပဲလုပ်ပါကွာ...ငါ အဖျားကျသွားပါပြီ..."

ဦးထွန်းမြက လက်ထဲက အရက်ခွက်ကိုကုန်ုအောင်သောက်
လိုက်ပီး ...အမြည်းခွက်သို့လက်လှမ်းရင်း....

"တွေ့လား ...ငါ့ဆေးကကောင်းပါတယ်ကွ...တစ်ရေးအိပ်လိုက်
တာနဲ့ ငါ့ဆေးစွမ်းကြောင့် ဒီကောင်အဖျားကျသွားတာ..."

ဆေး...ဆေးဆိုလို့ ခုနက မမလေးဆိုသူ...သူ့ကို ဆေးတိုက်
သွားသေးသည်မဟုတ်လား...မမလေးရဲ့ဆေးကြောင့်ပဲလား
ဦးထွန်းမြဆေး၏ဆေးကြောင့်လား....
ဘာပဲဖြစ်ဖြစ်လေ နှစ်ဦးစလုံးက သူ့ကို အဖျားကျဖို့အတွက်ပဲ
မဟုတ်လား နှစ်ယောက်လုံးကို ကျေးဇူးတင်ရမည်ပင်...

"အငယ်ကောင် ...ထွန်းငယ်...မင်း..မြွေသားနဲ့မမြည်းပဲ
ဘာလို့ဇီးဖြူသီးနှင့်မြည်းနေတာလဲ..."

ဦးထွန်းမြရဲ့ စကားသံကြောင့် အေးမောင် အတွေးစပြတ်သွား
သည်....

"ဟာဗျာ...အဖေ့မြွေသားမစားချင်ပါဘူး.အဖေတို့ဖာသာ
အဖေတို့စား ကျုပ်ကတော့ ဇီးဖြူသီးနဲ့ပဲမြည်းတော့မယ်...ဇီးဖြူသီးလေးတစ်ကိုက်ကိုက်ပီး
အရက်ခါးခါးပူပူလေးသောက်လိုက်ရင် လျှာပေါ်မှာ ချိုသလိုလို
အရသာလေးက လွှတ်ကောင်းဗျ..."

"ဟား....ဟား...ဟား...."

ထွန်းငယ်အပြောကို..အေးမောင်သဘောကျစွာ
ရယ်မောလိုက်မိသည်...ပီးနောက်

"ဟုတ်သေးပါဘူးကွာ...မင်းနဲ့ငါတို့က ဆန့်ကျင်ဘက်ဖြစ်နေပြီ
ငါတို့က မြွေသားနှင့်မြည်းတယ် မင်းက ဇီးဖြူသီးနှင့်...
မြွေဆိုတဲ့အမျိုးက ဇီးဖြူသီးရှိတဲ့နေရာကို လာတဲ့အမျိုးမဟုတ်
ဘူးကွ...."

"ဖြစ်ဖြစ်ပေါ့ဗျာ..."

"ဟာ .....ဟို ချောင်းစပ်မှာ ဘာကောင်လဲမသိဘူး...မဲမဲအရိပ်
ကြီး..."

နေ၀င်သွားပြီမို့.....ညအမှောင်ထုက စတင်
စိုးမိုးလာခိုက် ချောင်းစပ်ရေသဖန်းပင်အောက်ကို လက်ညှိုးထိုးရင်း ထွန်းငယ်ပြောလိုက်သည်...

အားလုံးလဲ ထွန်းငယ်လက်ညှိုးညွှန်ရာသို့
ရုတ်တရက် ပြိုင်တူလှည့်ကြည့်လိုက်တော့ ရေသဖန်းပင်အောက်မှာ...ဘာအ၇ိပ်မှမတွေ့

"ဟေ့ကောင် ထွန်းငယ် မင်းမူးရင်လည်းမူးသလိုနေ ထမင်းစား
ပီးအိပ်တော့ လူကြီးတွေကို စ, မနေနဲ့...မနက်ဖန် အေးမောင်
မင်းတဲစောင့်အလှည့်...ကဲ...ထမင်းစားကြရအောင်ကွာ"

မနက်ဖန်...တဲစောင့်....
မမလေးလာခဲ့ဦးမည်တဲ့...
ဘာရယ်မဟုတ် အိပ်မက်ထဲကလိုလိုနဲ့
သူအဖျားတက်နေချိန် ထမင်းဟင်းတွေကူချက်
ပေးသွားတဲ့ မမလေးဆိုသူထပ်မံရောက်လာဦးမယ့်
မမလေးဆိုသူလာမဲ့ မနက်ဖြန်ဆိုတဲ့နေ့သစ်တစ်ခုကို...
အေးမောင်တစ်ယောက်အကြောင်းမဲ့
မျှော်လင့်နေမိလေသည်...

ထိုနေ့ တစ်နေ့တာအတွက် ကုန်ဆုံးချိန်ဟာ အေးမောင်တို့
တဲလေးအတွင်းက ဖယောင်းတိုင်မီးလေးငြိမ်းသွားသည်က
အချက်ပြလိုက်သလိုပါပဲ...
တောင်သုံးလုံး နံဘေး စမ်းချောင်းဘေးက တောင်ယာတဲလေး
တစ်ခု အမှောင်အောက်မှာ အိပ်စက်တိတ်ဆိတ်သွားပေပြီ...

ထိုအချိန်တွင်....
ဇီးဖြူပင်ခြေ၌ လူရိပ်များစွာတို့လှုပ်ရှားသက်ဝင်လာလေတာ့
သည်.....
====================
ဆက်ပါဦးမည်
====================
"ဥစ္စာစောင့်တို့ အပြန်"
အပိုင်း (၄)
====================

"အကို...အဲဒီလိုတော့မလုပ်ပါနဲ့...သူတို့က လူကောင်းတွေပါ"

ဧကရီက ဇီးဖြူပင် ကိုင်းခွတွင် ထိုင်နေသော အကိုဖြစ်သူ ၀ဏ္ဏကို တောင်းပန်သည့် လေသံနှင့် ပြောနေသည်...

"ဘာ...လူကောင်းတွေ...ဟုတ်စ...နင်မို့လို့ပြောထွက်တယ်...
ဘိုးဘိုးကြီးတရားထိုင်တဲ့နေရာမှာလဲ ရောက်ရောက်ချင်း
ခွေးသတ်တယ်...အခုလဲ မြွေကိုသတ်ပြီး အရက်နဲ့မြည်း
နေတဲ့လူတွေကို လူကောင်းလို့ပြောရင် ဘယ်သူကလက်ခံမှာ
လဲ..."

ဒေါသထွက်နေတဲ့အသံဖြင့် အံကြိတ်ကာ ပြောနေတာကိုကြည့်
ရင်း ဧကရီ က မျက်နှာကိုတည်ငြိမ်စွာဖြင့်......

"ညီမလေး သူတို့ကို ပြုပြင်ကြည့်ပါ့မယ်...ညီမလေးပြုပြင်လို့
မရဘူးဆိုကာမှ အကိုစိတ်ကြိုက်သူတို့ကိုလုပ်နိုင်ပါတယ်
ပီးတော့ သူတို့က ဒီမှာအမြဲနေမှာမှ မဟုတ်တာ...စီးပွားရေး
အခြေအနေအရ ခဏလာပီးအလုပ်လုပ်နေကြတာပါ
ကိုအေးမောင်ဆိုရင်လဲ စိတ်သဘောကောင်းပါတယ်..."

"နင်က အဲဒီလူတွေဆီသွားဦးမယ်...ဟုတ်လား"

ဧကရီကို သဘောမကျသည့်လေသံနှင့် ၀ဏ္ဏပြန်ပြောလိုက်
တော့ ....

"ကိုကြီးဝဏ္ဏရယ်...ဟုတ်ပါတယ်...သူတို့ကိုဘာမှမလုပ်ပါသေး
နဲ့နော် ကိုထွန်းငယ်ဆိုရင်လည်း သဘောကောင်းပါတယ်..."

ဘေးတွင်ရပ်နေသော ခတ္တာကဧကရီဘက်မှဝင်၍
ပြောပေးသည်
ဝဏ္ဏက ခတ္တာကိုခါးတစ်ဖက်ထောက်ရင်း မျက်စောင်းထိုး
ကြည့်ကာ...

"ခတ္တာ...နင်ဝင်မပြောနဲ့..."

ဇီးဖြူပင်အောက်မှာ စုရုံးငြင်းခုံ၍ပြောဆိုနေသည်များကို
ထိုသူများမှအပ အရာအားလုံးတိတ်ဆိတ်လျက်....
ခဏအကြာတွင် ထိုဇီးဖြူပင်အောက်မှ အရိပ်များစွာတို့သည်
ချောင်းစပ်ဆီသို့ တရွေ့ရွေ့ရောက်ရှိကာ ပျောက်ကွယ်သွား
လေသည်...ညဉ့်ငှက်တို့၏အော်သံမှအပ ညသည်ကား တိတ်
ဆိတ်ငြိမ်သက်သွားလေပြီ...

"ထမင်းကြမ်းများများစားလာခဲ့ကြကွာ...နေ့လည်ကျရင် နေပူတယ် မနက်ပိုင်း မွန်းလွဲလောက်ထိလုပ်ရအောင်...ညနေ
နေအေးမှ ပြန်လုပ်တာပေါ့.."

ဦးထွန်းမြတို့ သားအဖတွေ ထမင်းစားပြီးထွက်သွားချိန် အေး
မောင်လည်း တဲအတွင်းအပြင်သန့်ရှင်းရေးလုပ်နေသည်...
ထို့နောက်...ထမင်းဟင်းအိုးများဆေးရန် ရေမရှိသောကြောင့်
ချောင်းစပ်သို့ရေခပ်ထွက်လာခဲ့သည်....
ချောင်းဘေးမှသစ်ရိပ်ဝါးရိပ်တို့ကြောင့် နေပြောက်ပင်မကျ
သောချောင်းပတ်ဝန်းကျင်သည် တောင်ခြေတောင်ရိပ်နှင့် သစ်ပင်ရိပ်တို့ကြောင့် နေ့ဟုဆိုသော်လည်း အလင်းရောင်
ကောင်းစွာမရပေ.....
ချောင်းစပ်တွင် ထိုင်၍ ပါလာတဲ့ရေဘူးကို ရေထဲနှစ်ကာခပ်နေ
တဲ့ အေးမောင်သည် ရေဘူးရေပြည့်ရန်အတွက်သာ အာရုံစိုက်
ကာ ရေပြည့်၍ ဘူးကို ဆွဲ၍ ထ, မည်အလုပ် ပုခုံးကိုအေးစက်
မာကျောနေသည့် အရာတစ်ခုဖြင့် ခပ်ဆတ်ဆပ်လေးအပုတ်
ခံလိုက်၍ ...အလန့်တကြားနောက်သို မတ်တပ်ရပ်ပီး
ပြန်လှည့်ကြည့်ရာ...
ခက်ထန်မာကြောသော မျက်နှာဖြင့် သူ့ကိုစူးစိုက်
ကြည့်နေသော မျက်ဝန်းတစ်စုံ...
ထိုမျက်ဝန်းကို သူကြာကြာမကြည့်နိုင်ပေ...အကြည့်ချင်းဆုံ
ခိုက် ကျောရိုးတစ်လျှောက်တွင် ရေခဲတုံးလေးများတို့ထိလိုက်
သလို စိမ့်အေးလာသည်...မမြင်နိုင်တဲ့အရာတစ်ခုက သူ့ကို
ချုပ်ကိုင်ထားသလို သူခန္ဓာကိုယ်သည် လှုပ်ရှား၍မရတော့ပေ
ရှိသမျှအားအင်တို့ဖြင့် ကြိုးစားရုန်းကန်ပါသော်လည်း
အားအင်များကုန်ခန်းနေသလိုပင်....ကျောက်
ရုပ်ပမာသူ့ခန္ဓာကိုယ်က အေးစက်ချမ်းစိမ့်လာကာ နည်းနည်းမှလှုပ်၍မရ....
သူ့ရှေ့မှာ ရပ်နေသူက ဘယ်သူနည်း...စဉ်းစားရင်း...

"ခ...ခ...ခင်ဗျားကဘယ်သူလဲ ကျုပ်ကိုဘာလုပ်မလို့လဲ"

ဒေါသသံဖြင် အသံမာမာပြောသော်လည်း စကားလုံးတို့ စွန့်အ
ထစ်ငေါ့နေသည်...

"မင်းကို သတိလာပေးတာ...မင်းတို့လုပ်ထားတဲ့ အမှားတွေအ
တွက်မင်းတို့ပြန်ပေးဆပ်ရမယ်...မင်းအိမ်ကိုမင်းပြန်မလား..
အသေခံမလား...နှစ်ခုထဲက ကြိုက်တာရွေး...."

အကြိုးအကြောင်းမရှိပဲ ထိုသူစိမ်းက ခပ်ပြတ်ပြတ်မာမာထန်
ထန် ပြောလာသောအခါ....

"ကျုပ်က ဘာအမှားလုပ်ထားလို့လဲ...အမှားလုပ်ထားတယ်ဆို
ရင်တောင် ခင်ဗျားခိုင်းတိုင်းလုပ်ရမှာလား...အိမ်ကိုလည်းမပြန်
နိုင်ဘူး ...အသေလဲမခံနိုင်ဘူး..."

"ဒါကတော့ မင်းသဘောပဲ...မင်း....အိမ်မပြန်ရင် မင်းအသေခံ
ရမှာပဲ..."ဟုပြောကာ

နောက်လှည့်၍ချောင်းရိုးတစ်လျှောက်ထွက်ခွာ
ပျောက်ကွယ်သွားသည်...ထိုသူပျောက်ကွယ်သွားသောအခါမှ
အေးမောင်၏ခန္ဓာကိုယ်သည် အတန်ငယ်နွေးထွေးလာကာ
လှုပ်ရှား၍ရလာသည်...
သူကဘယ်သူလဲ...
သူ့ရှေ့မှာ ကိုယ်လုံးက ဘာလို့လုပ်မရတာလဲ
ဘာလို့ချမ်းပီးအေးစိမ့်သွားရတာလဲ
သူကဘာလို့ အခုလိုပြောသွားတာလဲ....
ခေါင်းငိုက်စိုက်ဖြင့် မေးခွန်းပေါင်းများစွာစဉ်းစားကာ ရေဘူးကို
ဆွဲပြီးတဲရှိရာသို့ပြန်လာခဲ့သည်...
ရေဘူးကို စင်တစ်ခုပေါ်သို့တင်ကာ...ထမင်းဟင်းအိုးများဆေး
နေခိုက်....

"အကိုအေးမောင်..."

ချိုလွင်သာယာစွာဖြင့် သူ့နာမည်ခေါ်သံကြားရာဆီသို့လှည့်
ကြည့်လိုက်တော့ ညိုးငယ်သောမျက်နှာနှင့် မခို့တရို့လေး
သူ့ကိုပြုံးပြနေသည်....

"ဟင်...မမလေး"

နှုတ်မှ အမှတ်မထင်ခေါ်လိုက်မိသည်...ထိုအခါ...မမလေးဆို
သူနောက်မှ ကပ်၍ပါလာသည့် မိန်းမပျိုလေးမှ နှုတ်ခမ်းအစုံကို
လက်ကလေးဖြင့်အုပ်ကာ ရယ်မောလိုက်သည်....

"ညီမကို ဧကရီလို့ပဲခေါ်ပါ ...သူ့နာမည်ကတော့ ခတ္တာတဲ့
အကိုအေးမောင် အဖျားသက်သာသွားပြီလား"

"ဟုတ်...ဟုတ်ကဲ့ ...မမလေး..ဧကရီ..."

"ခုနက အကိုဝဏ္ဏပြောသွားတာတွေအတွက် ဧကရီ တောင်း
ပန်ပါတယ်နော်..."

ဧကရီပြောလိုက်မှပင် သူ့ခေါင်းထဲပို၍ရှုပ်သွားသည်...ဘာကိုမှ
နားမလည်တော့...ခေါင်းကိုဖြည်းညင်းစွာကုတ်နေသော
အေးမောင်၏စိတ်ကို ဧကရီမှသိနေသည်ပုံဖြင့်

"အကို ခေါင်းရှုပ်နေပြီနဲ့တူတယ်...ဧကရီ အကိုအေးမောင်ကို
ရှင်းပြပါ့မယ်...လာပါအကို ထမင်းဟင်းတွေကို ခတ္တာချက်ထား
ပေးလိမ့်မယ်အကို အဲဒီအတွက်မပူပါနဲ့..."

နေပူနေသည့် ရေစင်ဘေးမှ အေးမောင်ကို ဇီးဖြူပင်အောင်သို့
ဧကရီမှ လက်ဆွဲခေါ်သွားသည်...ဘာရယ်မသိပဲ အေးမောင်
လိုက်ပါသွားမိသည်....ဇီးဖြူပင်ခြေရောက်တော့
ဧကရီက အပင်ကို ပုခုံးလေးဖြင့် ခပ်နွဲ့နွဲ့မှီရင်း အဝေးတစ်နေရာ
ဆီသို့ နွမ်းလျသော မျက်နှာလေးဖြင့် ငေးကြည့်နေချိန်...
အေးမောင်ကတော့ ဘေးမှာရပ်နေရင်း လှပကျော့ရှင်းသည့်
ဧကရီကို ငေးကြည့်နေမိသည်....

ဆံပင်ရှည်ရှည်နဲ့ ဧကရီရဲ့လှပမှုမှာ နစ်မျောမေ့မူးနေသော
အေးမောင်သည်...လောကကြီးနှင့် ခေတ္တမျှ အဆက်အသွယ်
ပြတ်သွားသလိုပင်...

"အကိုအေးမောင် ညီမတို့နှင့်အတူတူနေမလားဟင်"

ရုတ်တရက် ဧကရီမှစကားပြောလိုက်မှသာ သတိပြန်ရလာ
သည်.....သို့ပေမယ့် ဧကရီ သူ့ကိုဘာပြောလိုက်မှန်းမသိ၍

"ခင်ဗျာ...ဧကရီကျနော့်ကိုဘာပြောလိုက်တာလဲ"

ထိုအခါမှ ဧကရီက အေးမောင်ဘက်လှည့်ကာ ခပ်မှိုင်မှိုင်မျက်
နှာလေးဖြင့်ပင် လက်ကလေးကိုအသာအယာပိုက်ရင်း...

"ခုနက အကိုအေးမောင်ရေခပ်နေတုံးလာသွားတာ ဧကရီရဲ့
အကိုပါ ကိုဝဏ္ဏတဲ့...ဧကရီရဲ့အကိုဆိုလဲ ဟုတ်တယ်...
ဒီတောင်သုံးလုံးဝန်းကျင်မှာနေနေတဲ့ ဧကရီတို့ အသိုင်းအ၀န်း
ရဲ့ ခေါင်းဆောင်ဆိုလဲဟုတ်တယ်..."

သက်ပြင်းကလေးချကာ ဧကရီ ဆက်၍ပြောသည်...

"အကိုတို့ စ, ရောက်တဲ့နေ့က တောင်ပိုင်ဘိုးဘိုးကြီးတရားထိုင်
တဲ့ကျောက်ဖျာမှာ အကိုတို့ သားသတ်မှုကျူးလွန်လိုက်တယ်
ဒါကို အကိုက လုံးဝမကျေနပ်ဘူးလေ...အကိုတို့ကို သတ်မယ်
ချည်းပဲ တကဲကဲလုပ်နေတာ...
အကိုဖြစ်နိုင်ရင်လေ...အိမ်ပြန်လိုက်ပါနော်...မဟုတ်ရင် အကို
ဝဏ္ဏက တစ်နည်းနည်းနဲ့ သတ်လိမ့်မယ်..."

စိုးရိမ်မှုအပြည့်ပါတဲ့ ဧကရီရဲ့ စကားအဆုံးမှာ အေးမောင်၏
တိကျပြတ်သားတဲ့စကားသံထွက်ပေါ်လာသည်...

"ဧကရီတို့ ဘယ်သူဘယ်ဝါဆိုတာမသိပေမဲ့ ဧကရီနဲ့ ခတ္တာတို့
ကို ကျနော်ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ကျနော် အိမ်ကိုမပြန်
နိုင်ဘူး...အသေလဲမခံနိုင်ဘူး...ဘာလို့လဲဆိုတော့ကျနော်
ရွာကိုပြန်ရင် ကျနော်မှာ လုပ်ငန်းအဆင်မပြေဘူး...
ဒီမှာ လုပ်ငန်းအဆင်ပြေနိုင်တယ်...ကျနော်သေသွားရင်
ကျနော့်ရဲ့ အမေအိုကြီးကို ဘယ်သူမှ လုပ်ကြွေးပြုစုမဲ့သူမရှိဘူး
ဒါကြောင့် ကျနော် အသေလဲမခံနိုင်ဘူး...ပီးတော့ ကျောက်
ဖျာပေါ်မှာ သားသတ်တဲ့ကိစ္စအတွက် ကျနော်တောင်းပန်ပါတယ်"

"ဧကရီ အကိုအေးမောင်ကိုနားလည်ပါတယ်...ဒါပေမယ့် အကို
ဝဏ္ဏက လက်ခံမယ်မထင်ဘူး...အင်းလေ...အကိုဝဏ္ဏနား
လည်အောင် ရှင်းပြကြည့်ပါဦးမယ်...
သြော်...အကိုအေးမောင် ဧကရီပြောတာကို ပြန်မဖြေသေးဘူး
နော်..."

နားမလည်သည့်ဟန်ဖြင့် အေးမောင်က ဧကရီကိုစိုက်ကြည့်ကာ

"ဟင်...ဧကရီ ကျနော့်ကို ဘာမေးလိုက်လို့လဲ..."

ထိုအခိုက် ဧကရီက အေးမောင်ကို ရွှန်းလဲ့သော မျက်ဝန်းအစုံ
ဖြင့် လှပစွာကြည့်ရင်း....

"အကိုအေးမောင် ညီမနဲ့အတူတူလာနေပါလားဟင်..."

"ဗျာ..."

အံ့သြသည့်လေသံနှင့်အတူ ဘာမှမပြောတတ်အောင် ကြက်
သေ သေသွားသည် ရင်ခုန်သံတွေတဒုတ်ဒုတ်နဲ့ ခပ်မြန်မြန်
လှုပ်ခတ်သွားသည်...ရုတ်တရက်ပျော်ရွှင်သွားမိသည်...
သို့သော်လည်း...ချက်ခြင်းသတိရ၍ စဉ်းစားမိကာ...

"ဧကရီတို့က ဘယ်သူတွေ ဘယ်မှာနေလဲ ဘာလုပ်လဲ မသိပဲ
ကျနော်.........."

"ဧကရီ ပြောပြပါ့မယ်..."

အေးမောင်၏စကားမဆုံးခင်ပင် ဧကရီက ဖြတ်၍ ပြောလိုက်ပီး

"တကယ်တော့ ညီမတို့တွေဟာ ဥစ္စာစောင့်မျိုးနွယ်တွေပါ"

"ဟင်...ဥစ္စာစောင့်"

အာမေဋိတ်အသံနှင့်အတူ အေးမောင်တစ်ကိုယ်လုံးကြက်သီး
မွေးညင်းများထကာ နောက်သို့ ခြေတစ်လှမ်းခန့်မျှ ဧကရီထံမှ
ခွာလိုက်မိသည်...

ကြိုသိထားသည်အလား ဧကရီမှပင်ဆက်ကာ...

"မကြောက်ပါနဲ့အကို...ဧကရီတို့က မကောင်းဆိုးဝါးတွေမဟုတ်ပါဘူး
ဒီ တောင်သုံးလုံးမှာ ရှိတဲ့ ဘုရားပျက်မှာ ဌာပနာ ထားတဲ့
ရွှေငွေ ကျောက်သံပတ္တမြားတွေကိုစောင့်ပေးနေတဲ့ ဥစ္စာစောင့်
တွေပါ..."

ကြောက်စိတ်မပျယ်သေးတဲ့ မျက်နှာဖြင့် အေးမောင် ဧကရီကို
သေချာစိုက်ကြည့်နေမိသည်...အပြစ်ကင်းစင်သော ဧကရီ၏
မျက်နှာလေးကိုကြည့်မြင်နေရသည်မှာ သူ့ရင်ထဲတွင် အမြဲ
အေးမြနေသည်...
သူ ဧကရီကို ချစ်နေမိပြီလား......
လူငယ်လူရွယ်ချိန် မိခင်အိုကြီးအတွက်သာ အဓိကထားစဉ်း
စားတတ်တဲ့ အေးမောင်အတွက် အချစ်ဆိုတာကို သူမသိခဲ့
မခံစားတတ်ခဲ့ဖူးပေ....

"အမှန်အတိုင်း ၀န်ခံရရင် ကျနော် ဧကရီနဲ့အတူရှိနေတာကို
ပျော်ရွှင်ပါတယ် အတူလဲနေချင်တယ်...ဒါပေမယ့် ကျနော်
မရှိရင် အမေ့ကို ဘယ်သူလုပ်ကြွေးပြုစုမှာလဲ..."

နှုတ်က ဖွင့်မပြောဖြစ်တဲ့ အေးမောင်ရဲ့ရင်ထဲက စကားသံ

"မမလေး...မမလေး...အကိုဝဏ္ဏပြန်ရောက်နေပြီ..."

ခတ္တာရဲ့ အလောတကြီးခေါ်ပြောသံကြောင့် ဧကရီက

"နောက်နေ့မှ ဧကရီပြန်လာတော့မယ်နော်...ဧကရီသွားတော့
မယ်"

နွဲ့နှောင်းလှပစွာပြေးထွက်သွားသော ဧကရီကို နောက်မှ
ငေးကြည့်ရင်း တစ်ခါမျှမခံစားခဲ့ဖူးသော
လွမ်းမောမှုတစ်ခုကို ခံစားလိုက်ရသည်...
ဒီလိုနဲ့ အေးမောင်တဲစောင့်တဲ့နေ့တိုင်း ဧကရီတို့ ရောက်လာ
သည်...ထမင်းဟင်းတို့ကို ခတ္တာက ချက်ပြုတ်ပေးပီး...
အေးမောင်နှင့် ဧကရီတို့နှစ်ယောက်က ဇီးဖြူပင်ကြီးအောက်
တွင်စကားထိုင်ပြောနေလေ့ရှိကြသည်...
အချိန်ကြာလာသည်နှင့်အမျှ အေးမောင်နှင့် ဧကရီတို့ပို၍ ရင်း
နှီးချစ်ကြွမ်းဝင်လာကြသည်...

"မြေကတော့ ကောင်းသဟေ့...ထွန်တုံးဆွဲတဲ့နွားတွေတောင်
မြေမွလွန်းလို့ အအေးပတ်တော့မယ်..."

" အဖေ နှမ်းမျိုးတွေပြန်သွားယူဖို့ ရွာကို ဘယ်သူပြန်မှာလဲ...
ဒီရက်ပိုင်းမိုးတွေအုံ့နေတာ မိုးရွာပြီးတာနဲ့ တစ်ခါတည်း နှမ်း
ကြဲမှအဆင်ပြေမှာဗျ..."

ထွန်းကြီးက ဦးထွန်းမြစကားကိုဖြတ်ပြောတော့...

"ငါစီစဉ်ထားပါတယ်...ထွန်းကြီးနဲ့ အေးမောင်ရွာကို ပြန်ပြီး
လိုအပ်တဲ့ ရိက္ခာနှင့် မျိုးတွေယူခိုင်းမယ်... ဆန်နှင့် ဆီလည်း
ကုန်တော့မယ်...မင်းနဲ့ငါ သားအဖနှစ်ယောက်ဒီမှာနေခဲ့ပီး
ကျန်နေတဲ့ အကွက်လေးကို ထယ်ရေးညက်အောင်ဆက်
လုပ်ထားကြတာပေါ့"

စကားပြောရင်း တဲဆီသို့ပြန်လာကြချိန်

"အဖေ ဟိုမှာ ကိုအေးမောင် ဇီးဖြူပင်အောက်မှာ တစ်ယောက်
ထဲ ပြုံးပြီးစကားတွေပြောနေတယ်...အမယ် လက်ကလဲ
လူတစ်ယောက်ကို ဖက်နေသလိုပဲ...ကိုအေးမောင် တစ်
ယောက်ထဲနေရပါများလို့ ရူးသွားပြီလားမသိဘူး...ဟား..ဟား.."

ထွန်းငယ်ပြောလိုက်မှ ဦးထွန်းမြနှင့် ထွန်းကြီး ဇီးဖြူပင်အောက်
ကို လှမ်းကြည့်လိုက်ကြသည်....
နှုတ်ခမ်းကိုစူ၍ လေဟာနယ်တစ်ခုကို နမ်းရှိုက်နေသော
အေးမောင်ကိုကြည့်ရင်း...

"ရှုး..တိုးတိုး...ငါတို့လာတာ သူမမြင်စေနဲ့...ဒီကောင့်ကို စ, ရ
မယ်..."

"အကို...ဧကရီပြန်တော့မယ် ဦးထွန်းမြတို့ တဲအကွယ်မှာ ပုန်း
ပြီး အကို့ကို ချောင်းနေကြတယ်...ဧကရီကိုတော့ သူတို့မမြင်
ရဘူး...နောက်နေ့မှပြန်လာတော့မယ်နော်...
ခတ္တာရေ....ပြန်ရအောင်"

ဧကရီနှုတ်ဆက်ပီးထွက်ခွားသွားတာကို လက်ပြနှုတ်ဆက်
နေတဲ့ အေးမောင်ကို သားအဖသုံးယောက်က
ကွယ်ရာကနေ တခွိခွိရယ်မောနေကြသည်....

အေးမောင် တဲစောင့် ကျတိုင်း သူတစ်ယောက်တည်း
စကားပြောနေပုံ ဘာမျှမရှိတဲ့ လေဟာနယ်တစ်ခုထဲ
လူတစ်ယောက်ကိုယုယနေပုံတွေကိုမြင်ရပါများလာတော့
ဦးထွန်းမြတို့ သင်္ကာမကင်းဖြစ်လာသည်...
အေးမောင်ကိုလည်း ယဉ်ယဉ်လေးရူးနေပြီဟုစိတ်ထဲမှတ်ထင်
သွားကြသည်...

"နွားတွေ အစာဝအောင်ကြွေးထားရဲ့လား... လိုတာတွေအား
လုံးယူပီးရင် သိပ်ကြာမနေကြနဲ့ ဒီမှာလဲ ရိက္ခာက သိပ်ကျန်
တော့တာမဟုတ်ဘူး...မင်းတို့နောက်ကျရင် ငါတို့ အငတ်နေ
ရမှာ"

လှည်းဝန်ရိုးသံတကျီကျီနဲ့မနက်ခင်းတစ်ခုကိုဖြတ်သန်းရင်း
ရွာသို့ ပြန်နေခိုက်

"ဧကရီ...အကို့နောက်ကိုလိုက်လာတာလား..."

အေးမောင်ရဲ့အသံကိုသာကြားနေရတဲ့ ထွန်းကြီး အေးမောင်
ရဲ့အမူအရာတွေကိုကြည့်ရင်း

"သွားပြီ ကိုအေးမောင်တော့ တကယ်ကြီးရူးသွားပြီ"

အရက်ဆိုင်ထိုင်ရင်း ထွန်းကြီးပြောပြတဲ့
အေးမောင်ရူးနေတဲ့စကားက  တစ်ရွာလုံးပြန့်သွားလေပြီ
ရွာပြန်ရောက်တဲ့ရက်တွေမှာ အေးမောင်တစ်ယောက်
အရက်ဆိုင်ထိုင်လဲ တစ်ယောက်ထဲ တိတ်ဆိတ်စွာ
ရွာအပြင်လမ်းမမှာ တစ်ယောက်ထဲ ပြုံးပျော်ကာ စကားပြော
နေတတ်တဲ့ အေးမောင်ကို
တစ်ရွာလုံးကလဲ အေးမောင် ရူးနေပြီဟုသတ်မှတ်သွားကြ
သည်...ဒါတွေကို အေးမောင် သိကြားနေရသော်လည်း
ဂရုမစိုက်တော့...ဘယ်သူ့ကိုမှလည်းရှင်းမပြချင်တော့
သို့ပေမယ့် အမေဖြစ်သူကိုတော့ ဖြစ်ကြောင်းကုန်စင် ပြော
ပြထားသည်...

"အမေ ရွာထဲမှာ ပြောနေကြသလို ကျနော် မရူးဘူး...
ဒါပေမယ့် ကျနော်ပြန်ရှင်းပြလဲသူတို့မှ မယုံတာ...."

"အမေသိပါတယ် သားရယ်...ဒါပေမယ့် အမေ့ကိုတော့
တစ်ယောက်ထဲ ထားမသွားပါနဲ့နော်..."

"စိတ်ချပါအမေ အမေ့ကို ဘယ်တော့မှ ထားမသွားဘူး..."

အိမ်ဟု ဆိုသော်လဲ တဲအိုစုပ် သာသာဖြင့် ဆဲရဲရှာလှသည့်
အေးမောင်တို့သားအမိ

"အမေ ကျနော်သွားတော့မယ်...ကျနော်မရှိတုံး အမေ ကျန်း
မာရေးဂရုစိုက်နော်..."

"အတိအကျများပြန်လာကြသလားကွာ... ဒီညချက်ဖို့
ဆန်မရှိတော့ဘူး....မင်းတို့မလာရင် ငါတို့ သောက်စရာ
အရက်တောင်မရှိတော့ဘူး..."

အေးမောင်နှင့်ထွန်းကြီးကို ခရီးရောက်မဆိုက် လှည်းကူဖြုတ်
ပေးရင်း ဦးထွန်းမြ ကပြောလေချိန်....

"ဧကရီ...အကို့ကိုလာကြိုတာလား...."

ရုတ်တရက် ဇီးဖြူပင်ကြီးကိုကြည့်၍ အေးမောင် အော်ပြော
ရင်း လှည်းပေါ်မှ ပြေးဆင်းသွားသည်...

ထွန်းကြီးကတော့ ခေါင်းကုန်လျက်
ဦးထွန်းမြကတော့ ဇီးဖြူပင်ကြီးကိုကြည့်ကာ...

"ဇီးဖြူပင်က ဗိုက်တော့ မကြီးတတ်လောက်ပါဘူးကွာ...
ဟား...ဟား...ဟား..."

ဇီးဖြူပင်ကြီးအောက်တွင် ပန်းတို့ဝေဆာနေအောင်ပန်ထား
သော ဧကရီကို ပွေ့ဖက်နေချိန်...

"ဟိုမှာ လူတွေရှိတယ်...မရှက်ဘူးလား..."

"ရှက်ပါဘူး...အကိုက အရူးလက်မှတ်ရထားပြီးသားလေ..."

ချစ်သူနှစ်ဦးပျော်ရွှင်ကြည်နူးနေခိုက်...
ချောင်းနံဘေးမှ တဲဆီသို့ ဦးတည်လာနေတဲ့
ဒေါသမီးဟုန်းဟုန်းတောက်နေသည့် မျက်နှာပိုင်ရှင်များ...

လှည်းဘေးမှာ ကြိုးချည်ထားတဲ့နွားတို့လည်း ကဆုန်ပေါက်
လျက်
နေ့အလင်းရောက်သည်လည်း မုန်တိုင်းကျတော့မည့်အလား
ရုတ်ရက်အမှောင်ကျသွားပေသည်...

"အကိုဝဏ္ဏ...ဧကရီတောင်းပန်ပါတယ်...
မလုပ်ပါနဲ့..."

တောင်သုံးလုံးဘေးနားက ဇီးဖြူပင်ကြီးသည် ယိမ်းနွဲ့ခါရမ်း
လျက်
တစ်ဝေါဝေါမြည်နေတဲ့လေသံတို့က အုံ့မှိုင်းနေတဲ့ မိုးကောင်း
ကင်နှင့် စည်းဝါးညီစွာ...နေမင်း၏အလင်းရောင်သည်လဲ
ပုန်းကွယ်ပျောက်နေပေပြီ
အေးမောင်ကိုတွန်းဖယ်ရင်း ဧကရီရဲ့ လက်ကို ကြမ်းတမ်းစွာ
ဆွဲခေါ်သွားသူနှစ်ဦး...
ရုတ်တရက်မုန်တိုင်းကျလာ၍ ပစ္စည်းတွေ အလျင်အမြန်သိမ်း
ဆည်းနေတဲ့ ဦးထွန်းမြတို့သားအဖတတွေ
ဇီးဖြူပင်ခြေမှာ ကျောက်ရုပ်ပမာ ငြိမ်သက်သွားသည့်
အေးမောင်....
မိုးသီးမိုးပေါက်များကျလာ၍ တဲအတွင်းဝင်ပြေးသွားတဲ့
ထွန်းငယ်...ဇီးဖြူပင်အောက်ကိုလှမ်းကြည့်လိုက်တော့
လူအများက ဖမ်းဆွဲခေါ်ဆောင်သွားသည့်အလား...
မိုးရေစက်တို့ပြည့်နေတဲ့မြေပြင်တွင် လျှောတိုက်ပါသွားသည့်
အေးမောင်ကိုမြင်လိုက်ရသည်...

"အဖေရေ...အဖေ...ဟိုမှာ"

ဇီးဖြူပင်ကြီးကိုလက်ညှိုးထိုးရင်း ဦးထွန်းမြကိုခေါ်ပြလိုက်ချိန်
ဇီးဖြူပင်ကြီးအောက်တွင် အေးမောင်မရှိတော့ပေ...
====================
ဆက်ပါဦးမည်
====================

"ဥစ္စာစောင့်တို့ အပြန်"
အပိုင်း(၅)
==========

တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့် လူများ၏အလယ်
ကြိုးမတုတ်ပါပဲ လှုပ်ရှား၍မရသည့်အခြေအနေ
ရှေ့တည့်တည့်မှာရပ်နေသည်က သူ ရေခပ်စဉ်က မြင်ဖူးသူ
တစ်ဦး
ဘေးမှာက ချစ်ရသော ဧကရီနှင့် ခတ္တာ
အကိုရဲ့ရှေ့မှာ ဒူးထောက်ကာ တောင်းပန်နေသည်ထင်၏
ခဏကြာတော့ သူ့ရှေ့ကို ၀ဏ္ဏရောက်လာသည်....
ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့........တိတ်ဆိတ်
ငြိမ်သက်လျက်
လှိုင်ဂူကြီးတစ်ခုအတွင်း သူရောက်နေသည်......

"မင်းက အမေကိုလုပ်ကြွေးနေတာလား...."

ဝဏ္ဏက မေးသော်လည်း မျက်နှာကိုခပ်စိမ်းစိမ်းပြန်ကြည့်ကာ
ပြန်မဖြေမိ

"အကို...ဟုတ်တယ်လို့ဖြေလိုက်လေ..."

"ဟုတ်ပါတယ်အကိုရယ်...သူကလေ..."

"ဧကရီ...နင့်ကိုငါမေးနေတာမဟုတ်ဘူး..."

"အေးမောင်...မင်းအခုပြန်တော့ .........."

အရာအားလုံးအမှောင်ကျသွားသလိုခံစားရပီး ချောင်းဘေး
သဖန်းပင်အောက်မှာ သူ...ပြန်လည်သတိရလာသည်....
တဲကိုပြန်တော့.........

"အဖေရေ....ကိုအေးမောင်ကဒီမှာ......"

မိုးရေမိုးစက်တို့အောက်မှာ သူတို့အိပ်စက်ခဲ့တဲ့ ဇီးဖြူပင်အောက်က
တဲကတော့ယိုင်နဲ့လဲပြိုလျက်
ကောင်းကင်ကြီးကတော့ခုနက သူမဟုတ်သည့်နှယ်
ကြည်လင်ဝင်းပလျက်
ပြာနှမ်းသော ကောင်းကင်အောက်မှာ ပျံလွှားငှက်တို့က
ခပ်နိမ်နိမ့်ပျံသန်းနေသည်.....
အရာအားလုံးကိုသူပြန်ပီးစဉ်းစားနေချိန်
သူ့လက်မောင်းလေးကိုကြင်နာစွာဖြင့် နူးညံ့သောလက်ကလေး
တစ်စုံက ဆွဲကိုင်သောအခါ.........

"အကို........ရွာကိုပြန်ဖို့ဆုံးဖြတ်လိုက်ပီလား...
ဧကရီ့ ကို ထားခဲ့တော့မှာလား......."

သူ ဘာမှပြန်မပြောမိ

"နှမ်းနှုတ်ချိန်မှ ငါတို့ပြန်လာမှာ...ပါလာတဲ့ပစ္စည်းစုံရဲ့လား...
အရက်အဆီဗူးထဲ ရေတခါတည်းရောတော့ကွာ....လမ်းမှာ
သောက်ရအောင်"

ဦးထွန်းမြတို့ ရွာပြန်ဖို့ ပစ္စည်းသိမ်းနေကြပြီ
အတွေးများစွာဖြင့် အေးမောင်မှိုင် တွေနေပေမဲ့
ရွာအ၀င်ဝသို့ လှည်းက ဆိုက်ရောက်နေပေပြီ....
တစ်ရွာလုံးက ရူးနေပြီဟု သတ်မှတ်ထားခြင်းခံရသော
အေးမောင်
ယခုမူ အမှန်တကယ်ပဲ အရူးတစ်ယောက်ပမာ
အရာရာကိုသတိမပြု.........
ခေါင်းငိုက်စိုက်ချကာ တွေးတောလျက်

"ဘုန်းကြီးက ငါးပါးနော် လှူဖွယ်ဝတ္ထုတွေစုံပီလား...."

"အမေကလဲဗျာ...အန္တရာယ်ကင်းပရိတ်တရားနာတာ
မနက်ပိုင်းမဟုတ်ဘူးလား...ဟိုကောင်အေးမောင်ကရော
ရွာပြင်သွားနေတာလား
အမေတရားနာလဲ မထူးဘူး.....ဒီကောင်ရူးနေတာပျောက်မှာ
မဟုတ်ဘူး..."

အေးမောင်ရဲ့အကိုက စိတ်ညစ်သောလေသံဖြင့်ပြောဆိုနေ
သည်....အချိန်က ညီအကိုမသိတသိအချိန်
နေ၀န်းကြီးမှာ အနောက်ဖက်က တောင်တန်းကြီးကို
အန်တုကာရဲရဲနီနေသော အရောင်ဖြင့်........
ပရိတ်တရားပွဲအတွက် လှုပ်ရှားနေသော လူတွေ
ဒါတွေကိုအေးမောင်ဂရုမပြု
ထိုစဉ်.........

"အကိုအေးမောင် ဧကရီတို့ အိမ်ထဲဝင်လို့မရဘူး."

လမ်းမပေါ်တွင် ၅၀ ကျော်လောက်ရှိတဲ့လူရိပ်တွေ

"အကိုအေးမောင် ညီမတို့ကိုဝင်ခွင့်ပြုပါ ညီမတို့လည်း
တရားနာချင်တယ်....."

"ညီလေး...အေးမောင်...အကိုတို့ကိုဝင်ခွင့်ပေးပါ"

ကိုဝဏ္ဏမှ တောင်းပန်နေသည့်လေသံမျိုးနှင့် ၀င်ခွင့်တောင်း
နေသည်.........

"သား....အေးမောင်...သူတို့ကို ပေးဝင်လိုက်ပါကွယ်...."

"ဟင်...အမေသူတို့ကိုမြင်ရလား...."

"အမေလဲမြင်ရပါတယ် ...ဘုန်းဘုန်းတို့လဲမြင်ရတယ်..."

သူရူးတစ်ယောက်ပမာငြိမ်သက်နေတဲ့အေးမောင်
အိမ်ဝန်းတံခါးရှေ့ အပြေးလေးရောက်သွားပေပြီ...
ခြံဝန်းတံခါးဖွင့်မည်အလုပ်....

"ဒကာလေး....
တံခါးဖွင့်ပေးစရာမလိုပါဘူး....
ဝင်ခဲ့ပါလို့ပဲ ပြောလိုက်ပါ "

---------
ဆက်ပါဦးမည်..
---------

"ဥစ္စာစောင့်တို့ အပြန်"
အပိုင်း(၆)
============

"တင်ပါ့ဘုရား...
ဧကရီ...ဝင်ခဲ့လေ"

ဒီတစ်ခါအရူးဖြစ်သွားသည်က
အေးမောင်ကို ရူးနေပြီဟုထင်ထားကြသော တရားနာပရိတ်သတ်များ ဖြစ်သည်
ဝမ်းသာအားရဖြင့် အေးမောင် ဧကရီတို့ကို ခေါ်လိုက်ရင်း ထိုင်ရာမှ
အပြေး ထသွားတာကို တရားနာပရိတ်သတ်များမှာ ပါးစပ်အဟောင်းသားနှင့် ဝိုင်းကြည့်နေကြသည်
အေးမောင် ဘယ်သူ့ကိုမျှဂရုမစိုက်ပေ
အိမ်တံခါးဝရှေ့မှ ဧကရီတို့အားလုံးကိုအိမ်ထဲဝင်ရန်ဖိတ်ခေါ်သော်လည်း
ဧကရီနှင့် ဝဏ္ဏတို့နှစ်ယောက်းတည်းသာ ဝင်ရောက်လာကြသည်

"ဧကရီတို့ ဒီအထိလိုက်လာတယ်နော် အကိုထင်မထားမိဘူး"

"ဟုတ်တယ်အကို...အဲဒါကလဲ ကိုဝဏ္ဏက အကို့ကိုမယုံလို့...
 အမေအိုကြီးကိုလုပ်ကြွေးနေတယ်ဆိုတာလေ"

ဝဏ္ဏကိုတစ်ချက်မျှကြည့်ရင်း ဧကရီ အေးမောင်ကိုပြောပြသည်
ဝဏ္ဏကလည်းဧကရီပြောတာကို မှန်ကန်ကြောင်းထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်...

"ကဲ...ကဲ မောင်ဝဏ္ဏတို့လည်းကြုံခဲတယ် တရား ဝင်နာလိုက်ကြ"

ကျောင်းထိုင်ဆရာတော်ကြီးမိန့်သည့်အခါမှ အေးမောင်တို့သုံးဦး
သံဃာစင် ရှေ့ဆုံးမှနေရာလွတ်တွင် တရားနာရန် ဝင်ထိုင်လိုက်ကြသည် တရားနာပရိတ်သတ်ကြီးကတော့ ကြောင်တောင်တောင်ဖြစ်နေဆဲမှ သတိပြန်ဝင်လာကာ လက်အုပ်ချီလိုက်ကြသည်
တရားနာပဌာန်းရွတ်ဖတ်ပြီးနောက် အမျှပေးဝေတော့ တရားနာပရိတ်သတ်ကြီးအပြင် ဧကရီတို့နှင့်အတူပါလာတဲ့
ခြံဝန်းအပြင်ကသူများပါ ကျယ်လောင်စွာသာဓုခေါ်နေကြသည်

"အကိုဝဏ္ဏ...အရင်ပြန်နှင့်လေ ညီမလေးနောက်ကလိုက်လာပါ့မယ် "

ခြံဝန်းတံခါးရှေ့မှာ ဧကရီနှင့် အေးမောင်တို့သာကျန်နေခဲ့ပီး
ခြံဝန်းအတွင်းမှာတော့ တရားနာပရိတ်သတ်များ အေးမောင်ကိုကြည့်ရင်း
အမျိုးမျိုးဝေဖန်နေကြသည်

"အကို...ဧကရီပြန်တော့မယ်နော်...အကိုတို့ပြန်လာမဲ့အချိန်ကိုစောင့်နေမယ်နော်"

"ဧကရီရယ်...အကို ဧကရီ့ကိုမခွဲချင်တော့ဘူး ဒါပေမဲ့ အမေကလဲ
တစ်ယောက်တည်းဆိုတော့..."

"ညီမနားလည်ပါတယ်...အကို"

ဧကရီရဲ့စကားအဆုံးတွင် အေးမောင်ကရုတ်တရက်ရင်ခွင်ထဲ
ဆွဲဖက်လိုက်သည်

"အကို...ဟိုမှာလူတွေကြည့်နေတယ်...မရှက်ဘူးလား"

ကြည်နူးပီတိဖြစ်သွားသောလေသံလေးဖြင့် ဧကရီကပြောလိုက်တော့

"ရှက်ပါဘူး...အကိုကအရူးလက်မှတ်ရပြီးသားလေ"

ရယ်မောရင်းအေးမောင်ကပြန်ပြောလိုက်
နှစ်ဦးသားကြည်နူးနေပေမဲ့ ခွဲခွာချိန်ရောက်ပြီမို့ ဧကရီထွက်ခွာသွားတာကိုအေးမောင် ငေးကြည့်ရင်းသာကျန်နေခဲ့သည်

"အကိုဝဏ္ဏ ကိုအေးမောင် မညာတာသိနေပြီပဲ
သူတို့အရမ်းဆင်းရဲတယ်...သူတို့ကိုကူညီလိုက်ပါနော်"

"သွားကြမယ်ဟေ့...နောက်ကျနေပြီ"

ဦးထွန်းမြက မပီတဲ့စကားသံနှင့် လောဆော်လိုက်သည်

ဒီတစ်ခေါက်ကအရင်တစ်ခေါက်နဲ့မတူတော့ပေ
အရာအားလုံးနီးပါးပြောင်လဲနေသည်
ဦးထွန်းမြက လေဖြန်းထား၍ပါးတစ်ခြမ်းရွဲ့နေသည်
ထွန်းကြီးကတော့ အရက်ဖြတ်လိုက်ပြီး
ထွန်းငယ်ကတော့ မိန်းမရသွားပြီဖြစ်သည်
အေးမောင်ကတော့မြူးထူးပျော်ရွှင်စွာဖြင့်
အထူးခြားဆုံးကတော့ သူတို့ လေးယောက်လုံးအရက်မသောက်ကြတော့ခြင်းပင်

"အဖေရေ...ဟိုသင်္ချိုင်းကိုတော့ရောက်တော့မယ်ဗျ
ဒီတစ်ခါတော့မသောက်တော့လို့ မဆဲတော့ဘူးမဟုတ်လား"

လှည်းနှစ်စီးပေါ်မှာ လေးယောက်သားပွဲကျသွားသည်
တအီအီနှင့် တိတ်ဆိတ်စွာဖြင့် သင်္ချိုင်းအတွင်းသို့ဝင်ရောက်လာနေသည်
သင်္ချိုင်းကိုကျော်လွန်၍ချောင်းထဲသို့ရောက်ရှိသော်လည်း
တိတ်ဆိတ်ငြိမ်သက်လျှက်ပင်ရှိနေသေးသည်

လေးယောက်သား တိတ်ဆိတ်စွာဖြင့်အရာရာကိုသတိထား၍
နွားလှည်းကိုဖြုတ်ကာ ချောင်းစပ်တွင်ရပ်နားလိုက်ကြသည်
စခန်းချပြီးထမင်းစားနေချိန်မှာတော့ ချောင်းတဖက်ကမ်းဆီမှ
မည်းနက်နက်အရိပ်နှစ်ခု အေးမောင်တို့ဆီ ခပ်မှန်မှန်လျှောက်လာနေသည်

"ဟာ...ဟို...ဟို...ဟိုမှာ"
==========
ဇာတ်သိမ်းဆက်လက်တင်ပေးပါဦးမည်
===========

"ဥစ္စာစောင့်တို့ အပြန်"
ဇာတ်သိမ်း
==========

ထမင်းစားနေရင်းမှ လေးယောက်သား ပြိုင်တူ
ထ ရပ်လိုက်မိကြသည်
တဖြည်းဖြည်းဖြင့် ထိုအရိပ်နှစ်ခု နီးသထက်နီးကပ်လာနေသည်
အားလုံး ထိုအရိပ်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေချိန်
ရုပ်လုံးပေါ်လာသည့်အရိပ်နှစ်ခု

"ဟင်...ခတ္တာ"

အေးမောင်နှုတ်မှရုတ်တရက်ခေါ်လိုက်တော့ ခတ္တာက ပြန်ပြုံးပြသည်

"ခတ္တာ...ဧကရီရော မပါဘူးလား"

"မပါဘူးအကို...ဒါပေမဲ့ ခတ္တာတို့ကို လာကြိုခိုင်းလိုက်တာ"

ပြောရင်းထွန်းငယ်ဘက်သို့လှည့်ပြီးပြုံးပြရင်း

"ကိုထွန်းငယ် ညီမကိုမှတ်မိတယ်မဟုတ်လား"

ထွန်းငယ်...မှတ်မိလိုက်ပါပြီ သူ...ချောင်းစပ်မှာ တွေ့ခဲ့ဖူးတဲ့
ပဟေဋိဆန်တဲ့ကောင်မလေး

"ဟုတ်...ဟုတ်ကဲ. ညီမက အကိုအေးမောင်ပြောပြတဲ့
မဧကရီနှင့် အတူတူတွေလား"

သူတိုပြောနေပြောနေကြတာတွေကို ဦးထွန်းမြနှင့်ထွန်းကြီးတို့
ဘာမျှနားမလည် ခတ္တာဆိုသူကိုက ဧကရီနှင့်အတူတူတဲ့

ဧကရီဆိုသူက သူတို့မမြင်ရပဲ
အေးမောင် တဖွဖွပြောနေတဲ့ကောင်မလေးနာမည်
ဒါကြောင့် အေးမောင်ကိုသူတို့
ယဉ်ယဉ်လေးရူးနေသည်ဟုသတ်မှတ်ထားကြသည်
အခုတော့ ဧကရီနှင့်အတူတူဆိုတဲ့ ခတ္တာနှင့် သိနေတဲ့
ထွန်းငယ်ပါ ရူးသွားပြီလား...ရူးသွားတာတော့မဖြစ်နိုင်ပေ
အခုခတ္တာဆိုသူကိုမြင်နေရပြီ အေးမောင်ပြောတဲ့ ဧကရီကရော
ဘယ်မှာလဲ...

သူတို့အတွေးကို ကြိုသိနေသည့်အလား ခတ္တာက

"လာပါအကိုတို့..ဟိုရောက်ရင် ရှင်းပြပါ့မယ် အခုတော့
မမလေးနှင့် ကိုဝဏ္ဏတို့မျှော်နေကြတယ်..."

ပြောပြီးခတ္တာတို့နောက်ပြန့်လှည့်ထွက်သွားသည်

စားလက်စ ထမင်းကိုပင်အေးမောင်တစ်ယောက် ထပ်မစားတော့
ချစ်ရသူနဲ့တွေ့ချင်လှပြီ
ကျန်သူတွေလည်း အားလုံးကိုသိလိုဇောဖြင့် ထမင်းစားတာကို
လက်စသတ်ကာ ဆက်ထွက်လာခဲ့ကြတော့သည်

တောင်သုံးလုံး ဇီးဖြူပင်ခြေအောက်က သူတို့တဲဟောင်းနေရာလေးသို့
ရောက်ရှိကြ၍လှည်းဖြုတ်နေကြချိန်

"ရောက်လာကြပြီလား..."

ရုတ်တရက်နောက်ဘက်ဆီမှစကားပြောသံကြားလိုက်ရ၍
ဦးထွန်းမြတို့ ထ ခုန်မိမတတ် ကျောစိမ့်သွားကြသည်

အချိန်ကား ည ၁၂ နာရီကျော်နေပေပြီ

အေးမောင်ကတော့ နောက်ကိုပြန်ကြည့်ကာ

"ဟုတ်ကဲ့ ကိုဝဏ္ဏ"
သာမန်အနေအထားဖြင့် မိတ်ဆွေရင်းတွေကိုနှုတ်ဆက်သလိုပင်
ခပ်အေးအေးပြန်ဖြေလိုက်သည်

"ဦးထွန်းမြတို့လာကြဗျာ...ဒီမှာဦးထွန်းမြတို့သိချင်တာကို
ဧကရီရှင်းပြပါလိမ့်မယ်"

ဦးထွန်းမြတို့ စ ရောက်လာကတည်းက ကျောက်ဖျာမှာခွေးသတ်ကြတာထွန်းငယ်နှင့် ခတ္တာသိကြပုံ အေးမောင်ဖျားနေချိန်ဆေးတိုက်ပေးတာ ထမင်းဟင်းတွေကူချက်ပေးတာတွေ
 အေးမောင်ကိုရူးနေတယ်ထင်ကြလို့တရားနာတာအဆုံး
အချိန်အတော်ကြာအောင်
ဧကရီရှင်းပြလိုက်တော့ အေးမောင် ရူးနေတာမဟုတ်မှန်းနားလည်သွားကြသည်
သူတို့အားလုံးလည်း ရင်းရင်းနှီးတွေဖြစ်သွားကြသည်
မနက်အရုဏ်တက်ကာမှသူတို့စကားဝိုင်းပြီးကာ
ဧကရီတို့ပြန်လည်ပျောက်ကွယ်သွားကြသည်

နောက်တစ်နေ့လုပ်ငန်း စတင်ချိန်တွင်တော့ တောင်ယာခင်းထဲမှာ
လူအများအပြား အားသွန်ခွန်စိုက်ဖြင့် မထင်ရက်လောက်အောင်
ဖြစ်ထွန်းအောင်မြင်နေတဲ့ နှမ်းတွေကို ပျော်ရွှင်စွာ နှုတ်ပုံနေကြသည်
အေးမောင်တို့လေးယောက်အင်အားဖြင့် အချိန် ၁၅ ရက်ခန့်ပေးကာနှုတ်ရမည့်နှမ်းခင်းကြီးသည် တစ်ရက်သောအချိန်မျှဖြင့် နှုတ်ပြီးသွားလေပြီ

နှမ်းခါဖို့အတွက်နှမ်းစီးနှမ်းထောင်ပြီးနေလှမ်းထားသောအားလပ်ရက်တွေမှာ အေးမောင်နှင့်ဧကရီတို့နှစ်ဦးကတော့ အဆုံးမရှိပျော်ရွှင်ေနကြ
လေသည်
ခတ္တာနှင့်ထွန်းငယ်တို့လည်းအရင်ထက်ပိုမိုရင်းနှီးစွာဖြင့်....

=========

အေးမောင်တို့ တောင်ယာသို့ထွက်လာတာ
တစ်လပင်ပြည့်မြောက်လေပြီ နှမ်းအထွက်နှုန်းကတော့
လုံးဝပင်မယုံနိုင်စရာ တစ်ဧကကို တင်း ၁၅၀ ကျော်မျှဖြင့်
၅ ဧကစာတင်း၇၅၀ ခန့်ရှိသော

နှမ်းပုံကြီးမှာကား တောင်သုံးလုံးအလယ်တွင်
နောက်ထပ်တောင်တစ်လုံးပေါ်ထွက်လာသလိုပင်

အေးမောင်တို့လေးယောက်ကြည့်ပြီး ကာလပေါက်ဈေးကိုတွက်ကြည့်ကြရာ သူတို့တစ်ဦးစီအချိုးကျရယူကြသော် ရွာမှာ တင့်တောင့်တင်တယ်နေ
နိုင်ကြပြီဖြစ်၍ အပျော်ကြီးပျော်နေကြသည်
သူတို့ပျော်ရွှင်နေတာကိုဘေးကပီတိဖြစ်နေကြသူတွေက
ဝဏ္ဏတို့တစ်တွေ

"အကိုဝဏ္ဏ အခုလိုသူတို့ကိုကူညီပေးလို့ကျေးဇူးပါပဲနော်
သူတို့ပျော်နေတာကိုကြည့်ပြီးတော့ ညီမလေးလည်းပျော်နေမိတယ်"

"ညီမလေးပျော်ရင်အကိုလည်းပျော်တာပေါ့ အကို့မှာ ဒီညီမလေးတစ်ယောက်ပဲရှိတဲ့ဟာ"

ပျော်ရွှင်မှု့တွေသည်ကား တာရှည်မခံခဲ့ပါပေ

"အကိုအေးမောင် အချိန်မရွေးညီမဆီလာနိုင်ပါတယ်
အမြဲတံခါးဖွင့်ထားပါတယ်...
ညီမ ဒီဇီးဖြူပင်ကြီးအောက်မှာအကို့ကိုထာဝရစောင့်မျှော်နေမှာပါ"

ချစ်သူမျက်ရည်လေးကိုသုတ်ပေးရင်းအေးမောင်ရဲ့မျက်ဝန်းတို့လည်း
နီရဲနေသည်
ဒါနောက်ဆုံးလားဆိုတဲ့အတွေးက သူ့တို့ကိုနှိပ်စက်နေသည်ထင်၏

==============

ရွာမှ လှဲများစွာငှါးရမ်း၍နှမ်းတွေကိုသယ်ယူကြပြီးနောက်
အေးမောင်က သူ့ အမေအတွက်
ပျဉ်ထောင်အိမ်ကြီးတစ်လုံးဆောက်ပေးပြီး
လယ်မြေများထပ်မံဝယ်ယူလိုက်သည် ထိုအချိန်မှစကာ အေးမောင်
တို့သားအမိစီးပွားတိုးသထက်တိုးလာသည် ပိုင်ဆိုင်မှုလည်းများသထက်များလာသည် တစ်ရွာလုံးကတော့ နားလည်သွားကြပါပြီ
'အေးမောင်တို့ကို ဥစ္စာစောင့်တွေကစောင့်ရှောက်နေတာ' တဲ့

အေးမောင်ကတော့ အမေအိုကြီးကိုဆက်လက်၍
အိမ်ဦးခန်းမှာထားကာ အလုပ်သမားတို့ကိုကြီးကြပ်နေရတဲ့
သူဌေးကြီဖြစ်နေလေပြီ
ဒါပေမဲ့ ချစ်သူဧကရီကိုလွမ်းတဲ့စိတ်ကြောင့် တမှိုင်မှိုင်တထွေထွေ
=========

"အမေ ကျုပ်တို့ကိုအမွေခွဲပေးတော့ဗျာ...
အမေနှင့် အလတ်ကောင် အေးမောင်ကလူချမ်းသာကြီးဖြစ်ပြီး
ကျုပ်နှင့်အငယ်ဆုံးကောင်က သူများခိုင်းဖတ်ဖြစ်နေပြီ"

"ဟုတ်တယ်ဗျ...အကိုကြီးပြောတာမှန်တယ်"
အငယ်ဆုံးကောင်ကပါ အမွေတောင်းလာတော့

အမေဖြစ်သူက
"ဟဲ့...
နင်တို့မယားယူတော့ တို့သားအမိမနည်းရုန်းကန်နေရတာ
နင်တို့ဘာတစ်ခုကူလုပ်ဖူးလည်း ဘာတွေလာပေးဘူးလို့လဲ
အေးမောင်တစ်ယောက်ပဲငါ့ဘေးမှာရှိတယ်
သူလုပ်ကြွေးနေလို့ငါဒီလိုနေနေရတာ
...ဒါကငါပိုင်တာမဟုတ်ဘူး အေးမောင်ပိုင်တာ
တောင်းချင်ရင်အေးမောင်ဆီမှာတောင်း"

နေ့တဓူဝ သားနှစ်ယောက်အမွေတောင်းနေမှုတွေကြောင့်
မိခင်ကြီးခဗျာ ဇရာကလည်းထောင်းပြီမို့ အိပ်ယာထဲလဲနေပြီ

"သူဌေး....သူဌေး သူဌေးအမေအသည်းအသန်ဖြစ်လို့"
လုပ်ငန်းခွင်ထဲအမောတကြီးပြေးလာတဲ့အလုပ်သမားလေးတစ်ယောက်

အေးမောင်အိမ်ပြန်ရောက်တော့
မိခင်ကြီးမှာအသက်ပင်မရှိတော့ပါချေ
မိခင်ကိုတမ်းတငိုကြွေးရင်း အေးမောင်မျက်ရည်တို့မဆည်နိုင်

"အမေ့အုတ်ဂူကိုသားအမြဲလာကန်တော့မှာပါအမေ"

တစ်ဝကြီးငိုကြွေးမိသည် အလောင်းကိုမြေချကောင်းမွန်စွာသဂြိုလ်ပြီးချိန်
သူ့အကိုနှင့်ညီအိမ်မှာ အမွေလာလုနေကြပေပြီ
အေးမောင် သူတို့ကိုဘာမှပြန်မပြော
မိခင်နဲ့အတူနေခဲ့တဲ့အိမ်ကြီးကိုလေးနက်စွာအချိန်အတော်ကြာ
ကြည့်နေမိသည်
ထို့နောက်...ဆုံးဖြတ်ချက်တစ်ခုကိုတိကျပြတ်သားစွာချလိုက်သည်

..အိမ်ပေါ်မှလှေခါးထစ်များအတိုင်းတစ်လှမ်းချင်းဆင်းကာဖြင့်
ရွာပြင်အနောက်ဘက်ဆီသို့

နောက်ကလှမ်းခေါ်နေတဲ့ထွန်းငယ်ကို သူပြန်လှည့်မကြည့်တော့
ထွန်းငယ်လည်းဆက်၍မခေါ်တော့ပါ
အေးမောင်ဘယ်ဆီကို ဦးတည်ရွေ့လျားနေတာကိုသူသိနေသည်

နေမင်းကြီးက ဝင်လုနီးနီးအချိန် လူတစ်ယောက်ခြေလှမ်းတို့က
သွက်လက်တက်ကြွစွာဖြင့် အနောက်ဘက်တောင်တန်းကြီးဆီသို့ဦးတည်သွားနေသည်...ဆည်းဆာချိန်နေဝန်းကြီးရဲ့အလယ်ဗဟိုမှာ လူတစ်ယောက်၏အရိပ်လေးတစ်ခုက ခပ်မှုံမှုံလေးဖြင့်

ထိုသူကား...
ဘယ်သူလဲ...
ဘယ်ဆီကိုသွားနေတာလဲ
နေဝန်းကြီးဆီသို့လား...
ဒါမှမဟုတ်
နေဝန်းကြီးလိုပဲ နေ့တစ်ခုကိုအဆုံးသတ်ကာ
နောက်တစ်နေ့ပြန်လည် နိုးထဖို့အနားယူသွားတာလား
==========

ထိုနေ့မှစတင်၍ တစ်လပြည့်မြောက်ပြီးနောက်ပိုင်းလပြည့်လကွယ်ရက်
တွေတိုင်း ထွန်းငယ်တို့ရွာလေးက သုဿာန်က အုတ်ဂူတစ်ခုမှာ
လူနှစ်ဦးကိုတွေ့ကြရသည်တဲ့
အုတ်ဂူလေးပေါ်မှာ လည်းလန်းဆန်းမွှေးကြိုင်တဲ့ပန်းစည်းနှစ်စည်းက
အမြဲတမ်းလန်းဆန်းနေလျက်.....

===========

===========
ကျော်ဇော(ကာဠု)

No comments:

Post a Comment