ပြည်တွင်းရှိ အင်တာနက်လိုင်းများအနေဖြင့် ကနဦးတပ်ဆင်ခနှင့် လစဉ်ကြေးနှုန်းထားများကို လျော့ချလျက်ရှိရာ MPT ADSL, ရတနာပုံ ADSL, RedLink ၏ WiMax, ဖိုင်ဘာ အင်တာနက်လိုင်းများမှာ ဈေးနှုန်းလျော့ချမှုများ ရှိနေသော်လည်း SkyNet အင်တာနက်လိုင်းမှာမူ လက်ရှိအချိန်ထိ ဈေးနှုန်းအပြောင်းအလဲ မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခများနှင့် လစဉ်ကြေးများအား ၂၀၁၂ ခုနှစ်အောက် တိုဘာလလယ်ပိုင်းတွင် စတင်လျော့ချပေးခဲ့ပြီး ရတနာပုံတယ်လီပို့၏ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများကိုမူ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကျပ်ငါးသိန်းမှ ကျပ်တစ်သိန်းသို့ လျော့ချခဲ့ခြင်း ဖြစ်သည်။
''လောလောဆယ်တော့ နှုန်းထားတွေက အပြောင်းအလဲ မရှိသေးပါဘူး။ဈေးနှုန်း လျော့ချဖို့အတွက်ကတော့ လူကြီးတွေ ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ ဒါက Satellite စနစ်ဖြစ်လို့ တခြား အင်တာနက်လိုင်းတွေနဲ့တော့ မတူပါဘူး''ဟု SkyNet MPS မှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။
SkyNet အင်တာနက်လိုင်းကို စတင်တပ်ဆင်မည်ဆိုပါက ကျပ် ၁၀ သိန်းနီးပါး ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ Consumer အသုံးပြုခြင်းအတွက် လစဉ်ကြေးမှာ 128 Kbps ကို ကျပ်လေးသောင်း၊ 256 Kbps ကို ကျပ်ငါးသောင်း၊ 512 Kbps ကို ကျပ်ခြောက်သောင်း၊ 1 Mbps ကို ကျပ်တစ်သိန်း၊ 2 Mbps ကို ကျပ် တစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment