ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်မှုမထမ်း မနေရ ဥပဒေပြဋ္ဌာန်း သင့်ကြောင်း ရှမ်း တိုင်းရင်းသား ဒီမို ကရက်တစ်(ကျားဖြူ) ပါတီ ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းက ပြောကြား
Source:
From eleven
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှု ပြုလုပ်ပါက
ဗဟိုချုပ်ကိုင်မှု များနေသော အချက်များကို လျော့ချရန် ရှမ်းတိုင်းရင်းသား
ဒီမိုကရက်တစ်(ကျားဖြူ) ပါတီအနေဖြင့် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း
ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက The Daily Eleven သို့ ပြောကြားသည်။
ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၅) အထွေထွေ
ပြဋ္ဌာန်းချက်များပါ ဇယား(၁)မှ(၅)အထိ ပါဝင်သော ပြည်ထောင်စု၏ အခန်းကဏ္ဍများအား
လျော့ချရန် ဖြစ်ကြောင်း သိရသည်။
ကျားဖြူပါတီ အနေဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့
အာဏာခွဲဝေရေး၊ မြေပေါ်မြေအောက် သံယဇာတ ခွဲဝေရေး၊ အခွန်အခများ၊
နယ်စပ်ကုန်သွယ်ရေး များမှရရှိသည့် အကျိုးအမြတ်များအား အချိုးကျ ခွဲဝေရေးကို
အဓိက ပြင်ဆင်လိုခြင်း ဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး
ကဏ္ဍများကို ပြည်ထောင်စုမှသာ ကိုင်တွယ်လိုခြင်း ဖြစ်သည်။
''ကျွန်တော်တို့က ဗဟိုချုပ်ကိုင်မှု များနေတဲ့ အချက်တွေကို အဓိက
ပြင်ဆင်လိုတာပါ။ ဘဏ္ဍာရေးလို ကိစ္စတွေမှာ ပြည်ထောင်စုက ကိုင်တွယ်ရတာ ရှိသလို
တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကိုင်တွယ်ရတာတွေ ရှိပါတယ်။ အခွန်အခ တွေဆိုရင်
ဗဟိုက ၅၀၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ၅၀ အချိုးကျ ခွဲဝေယူပေါ့။
နောက်တစ်ခုက ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို သမ္မတက
တိုက်ရိုက်ခန့်တာ မဖြစ်သင့်ဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်တွေက ရွေးချယ်ပြီး သမ္မတက အသိအမှတ် ပြုတာမျိုးပဲ လုပ်သင့်တယ်။
ဒါမျိုးတွေပြင်ရမယ်။ တကယ်လို့ ၀န်ကြီးချုပ် အလုပ်မလုပ်လို့
ပြန်ဖြုတ်ချင်ရင်လည်း အဲဒီကိုယ်စားလှယ် တွေကပဲ စွပ်စွဲပြစ်တင်ပြီး
ဖြုတ်ချလိမ့်မယ်'' ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
ယင်းကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ၀န်ကြီးချုပ်အား
ရွေးကောက်တင်မြှောက်ခွင့် ရရေးအပြင် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များ၏
ဥပဒေပြုခွင့် အာဏာကိုလည်း ပိုမိုခွဲဝေပေးရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု
တပ်မတော် ဖြစ်ပေါ်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ
ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်းမှသာ
ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ်များ
ဖြစ်ပေါ်လာပြီး ပြည်သူနှင့် တပ်မတော်အကြား တစ်သားတည်းဖြစ်ကာ ပြည်သူ့တပ်မတော်
ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား
ပြည်သူများအပေါ် ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား
ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆက်လက်
ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော
ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ကော်မတီဝင်အဖြစ်
ကျားဖြူပါတီမှ လွှတ်တော် ကိုယ်စားလှယ်များပါဝင်ပြီး အဆိုပါ
ကိုယ်စားလှယ်များက ကော်မတီသို့ တင်ပြရန်အတွက် ပြင်ဆင်လိုသည့် အချက်များကို
ပါတီတွင်း ဆွေးနွေးမည်
ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment