Links

clock

Monday, July 6, 2015

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ KIA အဖွဲ့ ဆက်ကြေးငွေကောက်ခံနေ


ဇူလှိုင်လ ၆ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ မင်းသားတောင် အနီးတစ်ဝိုက်ရှိ ဒေသခံရွှေတူးဖော်လုပ်ငန်းနှင့် သစ်စက် လုပ်ငန်းရှင်များထံမှ ဇူလိုင်လ ၃ ရက်နေ့တွင် KIA အဖွဲ့မှဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ယင်းလုပ်ငန်း ရှင်များ၏ ပြောကြားချက်အရ သိရသည်။
KIA အဖွဲ့များမှ မင်းသားတောင်အနီးတစ်ဝိုက်တွင် ရွှေတူးဖော်လုပ်ကိုင်နေ သော စက်ဆိုင်း ၅
ဆိုင်း အား ၁ ဆိုင်းလျှင် ၁ သိန်းကျပ်နှုန်း၊ သစ်စက် ၉ စက်အားစက် ၁ လုံးလျှင် ၂ သိန်းကျပ်နှုန်းဖြင့် ၁ နှစ်စာဆက်ကြေးငွေအဖြစ် ကောက်ခံ သွားကြောင်း သစ်စက်လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ ရွာသား တစ်ဦးထံမှ သိရှိရသည်။
”ကျွန်တော်တို့ကပင်ပင်ပန်းပန်းနဲ့ နေပူမိုးရွာမရှောင် မိသားစုစား ဝတ်နေရေး အတွက် လုပ်ကိုင်နေကြတာပါ။ ဒါကိုသူတို့ အဖွဲ့က စာနာမှု မရှိဘဲ လက်နက်ဖြင့်ခြိမ်းခြောက်ပြီး ငွေတောင်းတယ်။ တောင်းတဲ့ငွေ မပေးရင် လူကိုဖမ်းခေါ်သွားမယ် လို့လည်း ပြောသွားတယ်”ဟု သစ်စက် အလုပ်သမား တစ်ဦးမှ ပြောပြသည်။
ယင်းမင်းသားတောင် အနီးတစ်ဝိုက်ကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးမှ ” ငါတို့ယောင်္ကျားတွေ ရလာတဲ့ငွေနဲ့ မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းရတယ်၊ ဒါကိုဆက်ကြေးငွေအဖြစ် လာတောင်းသေးတယ်ဆိုတော့ ငါတို့ဘာနဲ့ သွားစားသောက်မလဲ။ ငွေမပေးရင် လူကိုဖမ်းခေါ် သွားကြ မယ်ဆိုတော့ နောက်ကမိသားစု ငတ်သေဖို့ပဲ ရှိတော့တယ်” ဟုဆိုသည်။
KIA အဖွဲ့သည် ဒေသခံကျေးရွာများထံမှ ဆက်ကြေးငွေတောင်းခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများကို မကြာခဏ ဆိုသလိုလာရောက် လုပ်ဆောင်နေကြသဖြင့် ဒေသခံများလည်း စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရာတွင် အခက်အခဲဖြစ်နေကြကြောင်း သိရှိရပါသည်။
နော်ဂျာ(ဖားကန့်)
Kachin Daily News

No comments:

Post a Comment