Links

clock

Thursday, August 20, 2015

ဘန်ကောက် ဗုံးခွဲမှု အဓိက သံသယရှိသူသည် ထိုင်းမဟုတ်ဟု သက်သေတစ်ဦး ထွက်ဆို


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ဧရာဝဏ် လေးမျက်နှာ နတ်ဘုရား ဗုံးခွဲမှုကို ကျူးလွန်ကြောင်း အဓိက သံသယရှိသူ အမျိုးသားသည် နိုင်ငံခြားသား တစ်ဦးဖြစ်ကြောင်း မျက်မြင်သက်သေ တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။


ထိုင်းရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီးနောက် သံသယ တရားခံ အမျိုးသား၏ ပုံကြမ်းကို ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သလို သတင်းပေးနိုင်သူ မည်သူ့ကိုမဆို ဘတ်ငွေ ၁ သန်း ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်တွင် ၎င်းမသင်္ကာသူဟု ယုံကြည်ရသူ အမျိုးသားကို တင်ဆောင်ကာ ထိုနေရာမှ ထွက်ခွာခဲ့သည့် တက္ကစီယာဉ်မောင်း တစ်ဦးက ထိုသူသည် ထိုင်းနိုင်ငံသား မဖြစ်နိုင်ဟု ရဲများထံ ထွက်ဆိုခဲ့သည်။ အသက် ၄၇ နှစ်ရှိ ကာဆမ် ပုခ်ဆူဝမ်က အချိန်တိုမျှ စီးနင်းခဲ့သည့် ခရီးစဉ်တွင် အဆိုပါ အမျိုးသားသည် မိမိ နားမလည်သည့် နိုင်ငံရပ်ခြား ဘာသာစကား တစ်မျိုးဖြင့် ဖုန်းပြောနေခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ကားငှားရာ၌ အင်္ဂလိပ်စာဖြင့် မြို့တော် ဗဟိုပန်းခြံဟု ရေးသားထားသည့် စာရွက်ဖြတ်ပိုင်းကို ပြသခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော် သူ့ကို ပို့ပြီးတဲ့ အချိန်ထိ သူ့ကိုကြည့်ရတာ တကယ့်ကို အေးအေးလူလူပဲ။ သာမန် ခရီးသည် တစ်ယောက်လိုပါပဲ။ လုံးဝ အလျင်လိုနေတာမျိုး မရှိဘူး”ဟု ပုခ်ဆူဝမ်က မှတ်ချက်ပေးခဲ့သည်။ လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် လူ ၂၀ သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့သည့် အကြမ်းဖက်မှု ကျူးလွန်သူကို ခြေရာခံနိုင်ရန်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ထံ အကူအညီ တောင်းခံရန် စီစဉ်နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
“လောလောဆယ်တော့ အင်တာပိုလ်ဆီ အကူအညီ တောင်းခံတဲ့ ကမ်းလှမ်းမှုတစ်ခု လုပ်ထားပါတယ်”ဟု ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ကစ်ဆာနာ ဖာသန်ချာရုန်းက ဆိုသည်။ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်ကြောင်းနှင့် မည်သို့သော ခံယူချက်ကြောင့် ပြုလုပ်ခြင်းဖြစ်ကြောင်းကိုမူ ရဲများအနေဖြင့် အဖြေမထုတ်နိုင်သေးဟုလည်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် နတ်ကွန်း ဧရိယာအတွင်း ဗုံးထားသွားသူဟု ယူဆရသည့် အသက် ၂၀ ကျော် အမျိုးသားကို အဓိက လိုက်လံ ရှာဖွေနေသော်လည်း အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကို ကျူးလွန်ရာ၌ ကြံရာပါ ၁၀ ဦးထက် မနည်းထိ ပါဝင် ပတ်သက်နိုင်ကြောင်းလည်း ယူဆထားသည်။
ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ်သ် ပွမ်ပန်မောင်းက “တော်တော်ကြီးတဲ့ ကွန်ရက်တစ်ခုပါ။ သူတို့က လူတွေ တော်တော်များများ သုံးဖို့ စီစဉ်ထားပုံရတယ်။ လမ်းအနေအထား ကြည့်ပေးမယ့်သူတွေ၊ ဗုံးထောင်ပြီးတာနဲ့ လွတ်လမ်းအတွက် စီစဉ်ပေးမယ့် သူတွေက အစပေါ့။ အနည်းဆုံးတော့ လူ ၁၀ ယောက်လောက် ဒီကိစ္စမှာ ပတ်သက်နေလိမ့်မယ်”ဟု ပြောကြားသွားသည်။
_Ref: CNN
7 Day

No comments:

Post a Comment