Links

clock

Wednesday, August 5, 2015

ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းသည့် ပစ္စည်းများအား တပ်မတော်လေယာဉ် များဖြင့်ပို့ဆောင်




နေပြည်တော် ၊ ၅-၈-၂၀၁၅

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသော ဒေသများတွင် ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး ရေဘေးသင့် ပြည်သူများကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ၊ ဝန်ကြီးဌာန မှ ထောက်ပံ့ကူညီ လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ အဝတ်အထည်များ၊ အသုံး အဆောင်များ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆေးဝါးများအား ရေဘေးသင့် ပြည်သူများ ထံသို့ လျင်မြန်စွာ ရောက်ရှိနိုင်ရန် အတွက် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်တွင် ကိုယ်စားလှယ် များထားရှိပြီး အလှူရှင် များမှ လာရောက် လှူဒါန်းသော ပစ္စည်းများအား စနစ်တကျ လက်ခံကာ တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သင်္ဘောများဖြင့် သယ်ယူ ပို့ဆောင် ပေးလျက် ရှိသည်။

ယမန်နေ့ တွင်လည်း စေတနာရှင် ပြည်သူများ နှင့် ဌာနဆိုင်ရာ များမှ ချက်ပြုတ်ရေး ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ၊ မုန့်ပုံး၊ ခေါက်ဆွဲခြောက်၊ စည်သွတ်ဘူး များနှင့် ဆေးပစ္စည်းများ စုစုပေါင်း တန်ချိန် ၇၄ ဒသမ ၅ တန်ခန့်ကို မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ လာရောက် လှူဒါန်းခဲ့ပြီး စစ်တွေမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ၃ ကြိမ် စုစုပေါင်း ၁၆ ဒသမ ၅ တန် ပို့ဆောင် ပေးခဲ့သည်။ ကျန်ရှိသော လာရောက် လှူဒါန်းထားသည့် ထောက်ပံ့ရေး ပစ္စည်း စုစုပေါင်း ၁၂၉ ဒသမ ၅ တန်ကိုလည်း ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ရှိ ရေဘေးသင့် ပြည်သူများ အတွက် မန္တလေးမြို့မှ စေတနာရှင် ပြည်သူများနှင့် တပ်မတော်သား မိသားစုများက ထောက်ပံ့ လှူဒါန်းသော ပစ္စည်းများ ဖြစ်သည့် ဆန် ၁၂ဝ အိတ်၊ ခေါက်ဆွဲခြောက် ၅၄ ဖာ၊ ရေသန့်ဘူး ၈ဝ ကတ်၊ မုန့်အိတ်မျိုးစုံ တစ်အိတ်၊ ချိုချဉ် ၁ ကတ်၊ မျက်နှာသုတ် ပဝါအထည် ၁ဝဝ နှင့် ရွှေဝါဆပ်ပြာ ၈ဝ တောင့်တို့အား မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ကလေးမြို့ သို့ တပ်မတော် လေယာဉ်ဖြင့် ၂ ကြိမ် ပို့ဆောင် လှူဒါန်းပေး ခဲ့ကြောင်း သတင်း ရရှိသည်။

#PyiChitThar

No comments:

Post a Comment