စင်္ကာပူအခြေစိုက် Fraser and Neave မှ ပိုင်ဆိုင်သော Myanmar Brewery ၏
အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန် နိုင်ငံတွင် ဒုတိယ အကြီးဆုံး
ဘီယာလုပ်ငန်း တခုဖြစ်သည့် Kirin Holdings က အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့်
ဝယ်ယူရန် သဘောတူခဲ့ပြီ ဖြစ်သည်။
ဂျပန်နိုင်ငံမှ ယမကာ လုပ်ငန်းကြီးများသည် ပြည်ပမှ ကုမ္ပဏီ ရှယ်ယာများကို
အလောတကြီး ၀ယ်ယူနေခဲ့ကြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ အတွက်
ဂျပန်နိုင်ငံမှ အကြီးဆုံး ယမကာလုပ် ငန်းကြီး ၃ခုက ၂၀၀၆ ခုနှစ် မှစတင်၍
အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ကျော် သုံးစွဲ ခဲ့ရာတွင် Suntory ကုမ္ပဏီက Bourbon
ဝီစကီထုတ်လုပ်သည့် အမေရိကန်နိုင်ငံမှ Jim Beam ကုမ္ပဏီကို ဒေါ်လာ ၁၆
ဘီလီယံဖြင့် လွှဲပြောင်းယူလိုက်ခြင်းလည်း ပါဝင်သည်။
ဂျပန် အခြေစိုက် Kirin ကုမ္ပဏီသည် ယခင်ကပိတ်နေခဲ့သည့်
အရှေ့တောင်အာရှစီးပွားရေး ပွင့်လင်းလာမည့် အချိန် အတွက် ပြင်ဆင်သည့်
အနေဖြင့် ဒေသတွင်းတွင် စက်ရုံများတည်ထောင်ခဲ့ကြသော Heineken နှင့်
Carlsberg ကဲ့သို့ သော အခြားနိုင်ငံတကာ အမှတ်တံဆိပ်များ၏ နည်းလမ်းအတိုင်း
လိုက်လာခဲ့သည်။ မြန်မာစစ်တပ်၏ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (UMEHL) က
ကျောထောက် နောက်ခံ ပေးထားသည့် Myanmar Brewery ကုမ္ပဏီသည် Myanmar နှင့်
Andaman Gold အမှတ်တံဆိပ် ဘီယာများကို ထုတ်လုပ်နေပြီး မြန်မာနိုင်ငံမှ
ဘီယာထုတ်လုပ်သည့် အကြီးဆုံး ကုမ္ပဏီဖြစ်သည်။ ပြည်တွင်း ဈေးကွက်ဝေစု ၈၀
ရာခိုင်နှုန်း ရရှိထားသည်။
“အရှေ့တောင်အာရှက ကျနော်တို့ရဲ့ စီးပွားရေး အခြေခံကို တောင့်တင်းအောင်
ဖြည့်တင်းမှုတခုဖြစ်ပါတယ်။ မြန်မာ ဘီယာ ဈေးကွက်မှာ တိုးချဲ့ စရာနေရာတွေ
အများကြီးရှိပါတယ်” ဟု Kirin ကုမ္ပဏီ၏ အကြီးတန်း အမှုဆောင်အရာရှိ Keisuke
Nishimura ကပြောသည်။
Kirin ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း သြစတြေးလျ ဘီယာကုမ္ပဏီ
ဖြစ်သည့် Lion Nathan နှင့် National Foods တို့ကို ၀ယ်ယူပြီး
နောက်ပိုင်းတွင် Lion အမည်ဖြင့် ပေါင်းစည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ San
Miguel Brewery ၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို လည်း ၀ယ်ယူခဲ့ပြီး
ထိုကာလအတွင်းတွင် ၀ယ်ယူမှု ၂၀ ကျော်ပြုလုပ်ခဲ့သည် ဟု အမေရိကန် နိုင်ငံ
အခြေစိုက် ဘဏ္ဍာရေး ကုမ္ပဏီတခုဖြစ်သည့် Dealogic ၏ အဆိုအရသိရသည်။
သို့သော်လည်း ပြီးခဲ့သည့် လတ်တလောနှစ်များ အတွင်းတွင် ကြီးမားသော
ဝယ်ယူမှုများ ရပ်နားလိုက်ပြီး ၀ယ်ထားသည့် ကုမ္ပဏီများ၏ လုပ်ငန်းများ
ခိုင်မာရေးကိုသာ အာရုံစိုက်ထားခဲ့သည်။ ၂၀၁၁ ခုနှစ်က ၀ယ်ယူခဲ့သော
ဘရာဇီးနိုင်ငံမှ ဒုတိယ အကြီးဆုံး ဘီယာလုပ်ငန်း ဖြစ်သည့် Schincariol သည်
ရောင်းမကောင်းခဲ့ဘဲ ယခုနှစ်အတွင်း ဈေးကွက်တွင် ၁၉ ရာခိုင် နှုန်း
ကျဆင်းသွားခဲ့သည်။
Kirin ၏ ရှယ်ယာဝယ်ယူမှုက Myanmar Brewery ကိုထိန်းချုပ်နိုင်ရေးအတွက်
Fraser and Neave နှင့် UMEHL တို့ကြားတွင် ကာလရှည်ကြာ အငြင်းပွားနေမှုကို
အဆုံးသတ်စေခဲ့သည်။ ယခင် က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်တပ်နှင့်
ဆက်စပ်နေသော ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်သည့် UMEHL က Fraser and Neave ၏
ရှယ်ယာများကို ၀ယ်ယူနိုင်ရန် စင်ကာပူရှိ နိုင်ငံတကာ ခုံရုံးတခုသို့
တိုင်ကြားခဲ့သည်။ Fraser and Neave ကို ပိုင်ဆိုင်သူ
ပြောင်းလဲသွားခဲ့ခြင်းကြောင့်ဖြစ်သည်။ Fraser and Neave၏
ရှယ်ယာများကိုရောင်းချရန် ခုံရုံးက ယမန်နှစ်က အမိန့်ချခဲ့သော်လည်း
လွတ်လပ်သော ရာဖြတ်အဖွဲ့တခု၏ ရှယ်ယာတန်ဖိုး သတ်မှတ်ပေးမှုအပေါ် ဆက်လက်
အငြင်းပွား ခဲ့ကြရသည်။
အဆိုပါတိုက်ပွဲသည် ၂၀၁၃ ခုနှစ်မှ စတင်ခဲ့သော အရှေ့တောင်အာရှ၏ ယမကာ
စစ်ပွဲ၏ အကျိုးဆက်တခုဖြစ်သည်။ ထိုင်းလူမျိုး ဘီလီယံနာ တယောက်ဖြစ်သည့်
Charoen Sirivadhanabhakdi၊ Heineken နှင့် အင်ဒိုနီးရှားမှ Riady မိသား
စုတို့က အကျိုးအမြတ် များပြားသည့် ဘီယာလုပ်ငန်း ကဏ္ဍအတွက် အရှေ့တောင်အာရှတွင်
ယှဉ်ပြိုင်နေကြသည်။ Charoen Sirivadhanabhakdi၊ က Fraser and Neave ကို
ထိန်းချုပ်ခွင့်ရရှိသွားသည့် အချိန်တွင် UMEHL က Myanmar Brewery ၏ ရှယ်ယာ
၅၅ ရာခိုင်နှုန်းကို ၀ယ်ယူခွင့်ပြုရန် တောင်းဆိုလာခဲ့သည်။ Myanmar Brewery
မှ Fraser and Neave ပိုင်ဆိုင်သည့် အစုရှယ်ယာ တန်ဖိုးကို အမေရိကန်ဒေါ်လာ
၁၆၄ သန်း မှ ၅၁၉ သန်း အတွင်းရှိသည် ဟု အမေရိကန်မှ ဘဏ်နှင့်
ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတခုဖြစ်သည့် JPMorgan က တန်ဖိုးဖြတ်ခဲ့သည့်အတွက်
အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် လအတွင်းတွင် လွတ်လပ်သော တန်ဖိုးဖြတ်မှုတခုက Myanmar Brewery
မှ Fraser and Neave ၏ ရှယ်ယာ တန်ဖိုးကို မြန်မာကျပ်ငွေ ၅၀၀ ဘီလီယံ သို့
မဟုတ် ၂၀၁၃ ခုနှစ် ဧပြီလ ငွေလဲနှုန်းဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဟု
သတ်မှတ်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှ အလားအလာအကောင်းဆုံး ဘီယာဈေးကွက်များထဲမှ
တခုဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ရောင်းချမှုတန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ
၃၁၁ သန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၂ ဆတိုး၍ ဒေါ်လာ ၆၇၅ သန်း အထိ
ဖြစ်သွားနိုင်သည် ဟု လန်ဒန် အခြေစိုက် ဈေးကွက် လေ့လာရေး ကုမ္ပဏီတခု ဖြစ်သော
Euromonitor က ခန့်မှန်းထား သည်။
မြန်မာနိုင်ငံ၏ လူတဦးချင်း ပျမ်းမျှ ဘီယာသောက်သုံးမှုသည် တနှစ်လျှင် ၃
လီတာ ခန့်သာရှိပြီး အရှေ့တောင်အာရှမှ အိမ် နီးချင်း ဗီယက်နမ်၏ ၁၀ ပုံ ၁ပုံ
ပင်မရှိပါ။ Heineken ၏ ရန်ကုန်မြို့ အနီးမှ အမေရိကန်ဒေါ်လာ သန်း ၆၀ တန် ဘီယာ
စက်ရုံက တနှစ်လျှင် လီတာ သန်း ၁၀၀ အထိ သို့မဟုတ် လူဦးရေ ၅၃ သန်းရှိသည့်
မြန်မာနိုင်ငံ တွင် လူတယောက် အတွက် ၂ လီတာ နီးပါး ထုတ်လုပ်ပေးနိုင်မည်
ဖြစ်သည်။
Irrawaddy













No comments:
Post a Comment