(တို့ခေတ်သတင်းဂျာနယ်၊ အတွဲ-၁၊အမှတ် ၃၊ ၁၉ ဩဂုတ်၊၂၀၁၅) မိုးမခ၊ သြဂုတ် ၁၉ ။ ၂၀၁၅

“ လာမယ့်ရွေးကောက်ပွဲမှာ
ကျွန်မတို့ပါတီကိုပဲ မဲပေးပါ။ ကိုယ်စားလှယ်လောင်းနာမည်ကို မကြည့်ပါနဲ့
ပါတီတံဆိပ်ကိုပဲ ကြည့်ပါ ”။ ဖြစ်မှ ဖြစ်ရလေ။
ဒီသဘောတရား၊ဒီခံယူချက်က
နှစ်ပေါင်းခုနစ်ဆယ်လောက်နောက်ကျသွားပါပြီ။ဟိုတုန်းက ၁၉၄၆
ဖဆပလအဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့
“လွတ်လပ်ရေးရချင်ရင်ဖဆပလကို မဲပေးကြပါ။ကုန်ကုန်ပြောရရင် ခွေးကို
ဖဆပလတံဆိပ်ဆွဲပေးထားရင်တောင် အဲဒါကိုမဲပေးကြပါ ” လို့ပြောခဲ့တာက
နယ်ချဲ့အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ဖြစ်တယ်။အင်အားတစ်စုတည်းဖြစ်နေမှ
နယ်ချဲ့ကို အနိုင်ရမှာမို့ ဒီလိုပြောရတာဖြစ်တယ်။
အခုအခါက “ ပြည်ထောင်စု ” ဖြစ်နေပြီ။
တိုင်းရင်းသား အမျိုးမျိုး အလွှာအမျိုးမျိုး ရှိနေပြီ။လူထုကလည်း
မျက်ကန်းလူနုံတွေမဟုတ်ဘူး။ “ လူကိုမကြည့်နဲ့ ” လို့ပြောတာဟာ
လူထုကိုစော်ကားတာပဲ။လူထုရဲ့ အသိဥာဏ်လူထုရဲ့ ခံယူချက်ကို ထိပါးတာပဲ။ လူထုက
နားလည်နေပြီ ။ပြောရရင် ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့ပြီးပြီ။
ရှင်ငယ်ဝမ်းထဲလည်းဝင်ခဲ့ပြီးပြီ။ ဘယ်ဝမ်းက ဘယ်လောက်နံမှန်းသိနေပြီ။ လူထုဟာ
နလပိန်းတုံးတွေမဟုတ်ဘူး။ စဉ်းစားတတ်တယ် ။ဝေဖန်ချင့်ချိန်တတ်တယ်။
လက်တွေ့ကျကျမြင်တတ်တယ်။ဒီစကားကို ဘာကြောင့် ပြောမှန်းလည်း သိနေတယ်။
၈၈အရေးတော်ပုံကြီးမှာ ဦးဆောင်ခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တွေကို အဖက်မတန်ကန်ချလိုက်တဲ့အပြုအမူကို
ဘယ်လိုပရိယာယ်နဲ့မှ ခွင့်မလွှတ်နိုင်ကြပါဘူး။ တိုင်းပြည်အကျိုး
ဆောင်ရွက်နိုင်မယ့်လူတွေကို ရွေးတာပါဆိုတော့ ၈၈ တွေက
တိုင်းပြည်ဖျက်မယ့်လူတွေလားလို့ မေးစရာဖြစ်နေတယ်။
လုပ်ဖော်ကိုင်ဖက်
အပင်ပန်းခံလှုပ်ရှားခဲ့တဲ့ကိစ္စ ထောင်နန်းစံချင် စံရဦးမယ့်အရေးတွေမှာ
ရှေ့တန်းကအတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေကို ဖယ်ချခဲ့ပြီး
ဘယ်သူမှန်းမသိရတဲ့လူတွေကို စာရင်းသွင်းခဲ့တာဟာ မှားသွားပြီလို့
သဘောပေါက်ပေမယ့် မပြင်ချင်ဘူး။ ဒီတော့ စိတ်ဆိုးနေတဲ့လူထုကို “ လူကို
မကြည့်နဲ့ ” လို့ အမိန့်ပေးပြန်တယ်။ လူထုထဲက တချို့
ရှေးရိုးဆန်သူ၊အစဉ်အလာကိုးကွယ်သူ အနည်းအပါးကိုတော့ ဖြားယောင်းလို့
ရချင်ရပါလိမ့်မယ်။လက်တွေ့ကျကျ တွေးခေါ်မြော်မြင်နိုင်သူတွေကတော့ လူကို
ကြည့်ကြမှာ သေချာတယ်။
လောကမှာ “ လူသာပဓာန ”ပါ။ လူကောင်းဖို့
လိုတယ်။ မူကောင်းရင်တောင် လူမကောင်းရင် အကျိုးမရှိပါဘူး။ နှစ်ပေါင်းများစွာ
ယိုယွင်းပျက်စီးခဲ့ရတဲ့ နိုင်ငံအိုကြီးကို ပြန်လည်ပြုပြင်မွမ်းမံဖို့ဆိုတာ
ဥပဒေပြုလွှတ်တော်မှာ လူကောင်းတွေရှိမှ ဖြစ်တယ်။
“ ကျွန်မတို့အထဲမှာ လူကောင်းတွေလည်းရှိတယ်။ လူဆိုးတွေလည်းရှိတယ်။လူဆိုးတွေကို ကျွန်မတို့ပြင်ပါ့မယ်တဲ့။ ”
ဩော် … တရားကျဖို့ကောင်လိုက်တာ။
ဆိုးသွမ်းမှန်းသိရက်နဲ့ မဲထည့်ခိုင်းနေသေးတယ်။
ပြင်ပါ့မယ်တဲ့။မရွေးခင်ကတည်းက ပြင်ပါလား။ လူကောင်းတွေကို
အတင်းမဲထည့်ခိုင်းတာက လူထုကို အတုံး အအ တွေလို့ အထင်သေးတာပဲ။ လူထုကို
အထင်သေးနေသမျှ ဘယ်တော့မှ လူထုရဲ့ ထောက်ခံမှုရမှာမဟုတ်ဘူး။ ၂၀၁၂က ရခဲ့တာကို အားမကိုးပါနဲ့။ အဲဒီတုန်းက အစိုးရက all inclusive ဆိုတဲ့ အားလုံးပါဝင်ကြကြောင်း
ကမ္ဘာကို ပြချင်လို့ “ ဟ” ပေးခဲ့တာပါ။ စဉ်းစားတတ်သူတိုင်း
သိပါတယ်။ သုံးနှစ်လုံးလုံး ဘာတစ်ခုမှ လူထုအကျိုး လုပ်မပေးခဲ့တာကိုလည်းလူထုက
သဘောပေါက်သွားပါပြီ။
ဘောလုံးပွဲတွေမှာ
အားကစားသမားကောင်းတွေကို ပေါင်ငွေသန်းချီပြီး ဝယ်နေကြတာ ဘာကြောင့်ပါလဲ။ “
လူ ” ရဲ့ တန်ဖိုးကို နားလည်လို့ပေါ့။ အသင်းနာမည်၊ အသင်းတံဆိပ်ပဲ
အရေးပါတယ်ထင်ရင်ဘာဖြစ်လို့ လူကောင်းတွေကို ထပ်ဝယ်နေမှာလဲ။ ကစားနေဆဲမှာ
“ လူလဲ ” တာကိုလည်း အလကား အလှည့်ပေးတာလို့ ထင်ရင်
မှားပါတယ်။အားနည်းနေတဲ့လူကို ဖယ်ပြီး အားကောင်းတဲ့လူနဲ့ အစားထိုးတာပါ။
အပျော်ကစားတာမှမဟုတ်ဘဲ။ သူနိုင်၊ငါနိုင်အပြိုင်ကြဲကြရတဲ့ပွဲမို့
လူကောင်းလိုပါတယ်။
“ လူဆိုးတွေ ရှိပါတယ် ”
လို့ဝန်ခံလိုက်တဲ့အတွက်တော့ ကြိုက်ပါတယ်။
မိမိကိုယ်မိမိစစ်ဆေးခြင်းပေါ့။မျက်စိစုံမှိတ်ပြီး
အားလုံးကောင်းပါတယ်ခင်ဗျားလို့တော့ မရတော့ဘူးဆိုတာ သဘောပါက်သွားပုံရတယ်။
ဒါပေမဲ့ လွှတ်တော်ထဲကျမှ ပြင်ပါ့မယ်ဆိုတာ
ငါ့စကားနွားရပြောတာမို့ လက်မခံနိုင်ပါဘူး။လွှတ်တော်ထဲရောက်ရင်
တိုင်းပြည်အတွက် ဘာတွေပြင်ရမလဲဆိုတာ သဲကြီးမဲကြီးလုပ်ကြရမှာပါ။ ဒီကြားထဲ
ကိုယ့်လူထဲက လူဆိုးတွေကို ဆုံးမနေဖို့ အချိန်မရှိပေဘူး။
နောက်တခုက လွှတ်တော်အမတ်ဆိုတာ အရင်လို
သုံးသိန်းမဟုတ်တော့ဘူး။ဆယ်သိန်းတောင်ပေးရမှာ ။နေ့တွက်၊ ခရီးစရိတ်၊
အဆောင်ခစသဖြင့် တစ်လမှာ တစ်ဆယ့်နှစ်သိန်းပဲထား။ငါးနှစ်ဆိုရင်
သိန်းခုနစ်ရာနှစ်ဆယ်ပါ။ လူဆိုးက ဘယ်နှစ်ယောက်ပါမှာလဲ တစ်ယောက်ကို
သိန်းခုနစ်ရာနှစ်ဆယ်နဲ့ တွက်ကြည့်ရင် ပြည်သူ့ဘဏ္ဍာငွေတွေ
ဘယ်လောက်သုံးဦးမှာလဲ။ဒီတော့ လူဆိုးမှန်းသိသိကြီးနဲ့
ကိုယ်ကြိုက်ရွေးချယ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေ မဖြုန်းပါနဲ့လို့ ပြောချင်တယ်..။
No comments:
Post a Comment