-----------------------------------
ရွှေပြည်သာမြို့နယ်တွင် အသက် ၁၃ နှစ်ကျော်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦးကို အကြိမ်ကြိမ် လိင်တူ အဓမ္မပြုကျင့်သည် ဟုဆိုသော အသက် ၄၀ ကျော် ကျောင်းဆရာတစ်ဦးကို သြဂုတ်လ ဒုတိယပတ်က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၂) ရပ်ကွက်တွင်နေထိုင်သော ယင်းကျောင်းသားမှာ
ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ခုတွင် ပညာသင်ကြားနေပြီး ယင်းကျောင်းမှ
သင်္ချာ ဘာသာရပ်သင် ကျောင်းဆရာ၏အိမ်တွင် ကျူရှင်သွားတက်စဉ် ဧပြီလခန့်မှ
စတင်ကာ ယင်းဆရာက အကြိမ်ကြိမ် လိင်တူပြုကျင့် ခဲ့ကြောင်း၊ ကျောင်းသားမှာ
ယင်း ဆရာအိမ်တွင်ကျူရှင်တက်ရန် ငြင်းဆန်သဖြင့် မိသားစုဝင်များက
မေးမြန်းရာမှ လိင်တူပြုကျင့်မှုကို သိရှိရသောကြောင့် အမှုဖွင့်
တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသား၏ မိသားစုဝင်များ ထံမှ
စုံစမ်းသိရသည်။
“ကလေးကဒီနှစ်မှ ကိုယ်ပိုင်အထက်တန်းကျောင်းကို စတက်တာပါ၊ ဆရာက အသင်ပြကောင်းတာ နာမည်ကြီးလို့ သူ့အိမ်မှာ ကျူရှင်သွားတက်တာ၊ ကလေးက နေမကောင်းချင်သလို ဖြစ်နေလို့ မေးရာကနေ ခုလိုဖြစ်တာကို သိရတာပါ၊ တစ်ဖက်က ဆရာဘက်က လာရောက် ညှိနှိုင်းတာမျိုးတွေ ရှိနေပေမယ့် ကျွန်မတို့ ဖက်က အမှန်တရားအတိုင်း ဖြစ်အောင်လုပ်သွားမှာပါ” ဟု ကလေး၏မိခင်က ပြောကြားသည်။
ကျောင်းသားကို လိင်တူပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသော ကျောင်းဆရာနှင့် ပတ်သက်၍ အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်း ရှိမရှိကို သိရှိနိုင်ရေးနှင့် အမှန်တရား ပေါ်ပေါက်ရေးကို ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။
“အမှုဖွင့်ခံထားရတဲ့ ဆရာကို စခန်းမှာ ရမန်ယူပြီး စစ်ဆေးနေပါတယ်၊ လိင်တူဆက်ဆံခြင်း ခံရတဲ့ ကလေးမှာ ဒဏ်ရာအနည်းငယ် ရှိပေမယ့် ဆေးစစ်ချက်ရလဒ်ကို စောင့်ဆိုင်းနေပါတယ်၊ ဆေးစာ အဖြေရရင် လုပ်သင့်တာတွေကို လုပ်ဆောင်သွားမှာပါ” ဟု ရွှေပြည်သာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
တိုင်ကြားခံရသည့် ကျောင်းဆရာကို (ပ) ၄၇၅/၁၅၊ ပြစ်မှုပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice

No comments:
Post a Comment