Links

clock

Tuesday, August 25, 2015

NLD ပါတီ ဧရာဝတီတိုင်းဒေသကြီးမှ အလုပ်အမှုဆောင်နှင့် ပါတီဝင်အချို့ နုတ်ထွက်

NLD ပါတီ ဧရာဝတီတိုင်းဒေသကြီးမှ အလုပ်အမှုဆောင်နှင့် ပါတီဝင်အချို့ နုတ်ထွက်
----------------------------------------

ပုသိမ်၊ သြဂုတ် ၂၄
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးတို့မှ အဆင့်ဆင့်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD)၏ အလုပ်အမှုဆောင် အချို့နှင့် ပါတီဝင်များသည် ယင်းတို့၏ ပါတီတာဝန်များမှ လည်းကောင်း၊ ပါတီဝင် အဖြစ်မှလည်းကောင်း နုတ်ထွက်ကြောင်း နုတ်ထွက်သည့် ပါတီဝင်များထံမှ သိရသည်။
ယင်းသို့ နုတ်ထွက်ခြင်းကို သြဂုတ်လ ၂၂ ရက်မတိုင်မီကပင် NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် ပါတီ၏ အဆင့်ဆင့်သော အလုပ်အမှုဆောင် အဖွဲ့များထံ စာဖြင့် အကြောင်းကြားပြီး ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ် သတ်မှတ်ခြင်းနှင့် ပါတီတွင်း မသမာသော ပြစ်တင်စွပ်စွဲချက်များဖြင့် ပါတီဝင်များကို ထုတ်ပယ်ခြင်း၊ ရည်ရွယ်ချက် ရှိရှိဖြင့် ပါတီတာဝန်မှ ရပ်ဆိုင်းခြင်းများကို ကျေနပ်မှု မရှိသောကြောင့် လည်းကောင်း၊ ပါတီအတွင်း အုပ်စုဖွဲ့ဗိုလ်ကျပြီး ပါတီမူဝါဒနှင့် မပတ်သက်သော အာဏာရှင်ဆန်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ဗဟိုကော်မတီဝင်အချို့၏ လုပ်ရပ်များကို မနှစ်သက်သောကြောင့် လည်းကောင်း ယခု ကဲ့သို့ ပါတီဝင်များ NLD ပါတီမှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း နုတ်ထွက်သူများတွင် ပါဝင်သော ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းပြန်ကြားရေး လုပ်ငန်းအဖွဲ့ တာဝန်ခံ ဦးလင်းသူက ပြောကြားသည်။
နုတ်ထွက်သူများတွင် ခေါင်းဆောင်အဆင့်ရှိသူများ ဖြစ်သော တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလင်းသူ၊ ပုသိမ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးဝင်း၊ ပုသိမ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်မင်းစိုး၊ ရေကြည်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစောအောင်နှင့် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မြင့်မြင့်ကြည်၊ ဦးလှဝင်း၊ ဒေါ်သန်းသန်းဝင်း အပါအ၀င် ခြောက်ဦး၊ ကျုံပျော်မြို့နယ် NLD လူငယ်လုပ်ငန်း အဖွဲ့တာဝန်ခံ ဒေါ်နှင်းဝေလွင်နှင့် လုပ်ငန်းအဖွဲ့ဝင် သုံးဦး၊ ကျုံပျော်မြို့နယ် အတွင်းရှိ ခရုရိုးကျေးရွာ NLD အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ပါတီဝင် ၁၀၀ ဦးခန့် နုတ်ထွက်စာ ပေးပို့နုတ်ထွက်ကြောင်း ပုသိမ်ခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝေက ပြောဆိုသည်။
“ဧရာဝတီတိုင်း အတွင်းမှာ နုတ်ထွက်တာတွေ၊ ထုတ်ပယ်ခံရတာတွေ၊ တာဝန် ရပ်ဆိုင်းခြင်း ခံရတာတွေ အတော် များနေတယ်။ ပါတီဝင်နုတ်ထွက်မှုက ပုသိမ်ခရိုင်နဲ့ မြောင်းမြက အများဆုံးဖြစ်တယ်။ ၂၀၁၂ က စတွက်မယ်ဆိုရင် နုတ်ထွက်၊ ထုတ်ပယ်ခံရသူ တစ်ထောင်နီးပါးတော့ ရှိမယ်” ဟု အပြစ်ပေးခံရခြင်း မရှိသော်လည်း ပါတီမှ နုတ်ထွက်ခွင့်တင်သူ ပုသိမ်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်မင်းစိုးက ဆိုသည်။
The voice

No comments:

Post a Comment