Links

clock

Wednesday, August 5, 2015

လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရွေးသည့်နောက် ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကြိုက်သလို လုပ်နိုင် ဟု NLD ပြောကြား

လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရွေးသည့်နောက် ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကြိုက်သလို လုပ်နိုင် ဟု NLD ပြောကြား
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရွေးသည့်နောက် ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ေ
ကျာင်းသား ခေါင်းဆောင်များ ကြိုက်သလို လုပ်နိုင် ဟု NLD ပြောကြားလိုက်ကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၄ ရက်ထုတ် The Voice Daily သတင်းစာပါ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းနှင့် The Voice Daily အင်တာဗျူးတွင် ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ကို မည်သည့် အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်မှုမရှိခြင်းကို ဦးဥာဏ်ဝင်းက တိတိကျကျဖြေကြားခဲ့ခြင်းမရှိပဲ ၄င်းတို့ ကို NLD ၏ အပေါ်သို့ ဆွဲမတင်နိုင်၊ နောက်မှ ပါတီထဲရောက်လာတဲ့သူများသည် CEC ၏ နိုင်ငံရေး ဦးဆောင်မှု ကို ခံယူရမည်ဟု ပြောကြားခဲ့ခြင်းကြောင့် ၄င်းတို့အား မရွေးချယ်ခြင်းမှာ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဦး ဆောင်မှု ကို စိန်ခေါ်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်မည်ဟု နိုင်ငံရေး လေ့လာသူများ သုံးသပ်ကြသည်။
Voice က ၈၈ ကျောင်းသားများထဲမှ နာမည်ကြီးပုဂ္ဂိုလ်များအား အဘယ်ကြောင့်မရွေးရသနည်းဟု မေးမြန်းခဲ့ရာတွင် ဦးဥာဏ်ဝင်းက တိတိကျကျ ဖြေကြားခြင်းမရှိပဲ စိစစ်ရေးအဆင့်ဆင့်တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သလိုလို၊ ဗဟိုအထိပင် အမည်စာရင်း မရောက်သလိုလို ဖြေကြားခဲ့သည်။
NLD ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ဖိတ်ခေါ်ခဲ့သော ပါမောက္ခများမှ လွဲ၍ ၈၈ မျိုးဆက်များ၊ မိမိသဘောနှင့်မိမိ လာသော ထင်ရှားသူများအားလုံး bottom Line (အောက်ခြေ) မှ စရမည်ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဦးဆောင်မှုကို ခံယူရမည်ဟု ဦးဥာဏ်ဝင်းကပြောကြားခဲ့သည်။
“ပါမောက္ခ ဒေါက်တာ အောင်သူတို့လို ကျွန်တော်တို့ ပါတီက ဖိတ်ခေါ်ထားတဲ့သူတွေကတော့ ဘယ်သူနဲ့မှ ပြိုင်စရာ မလိုဘူး၊ သူတို့ကို အပေါ်ဆုံးမှာထားတယ်။ ၈၈ မျိုးဆက်တွေနဲ့ ကိုယ့်သဘောနဲ့ကိုယ်လာတဲ့ ထင်ရှားတဲ့သူတွေကိုတော့ bottom Line (အောက်ခြေ) မှာ ထားတယ်။ ရွေးကောက်ပွဲဝင်ချင်ရင် အောက်ခြေအနေ အဆင့်အဆင့် အရွေးခံ။ ဒီလူ တွေကို ကျွန်တော်တို့ NLD ရဲ့ အပေါ်ကို ဆွဲမတင်နိုင်ဘူး။ ကျွန်တော်တို့ကပဲ NLD နိုင်ငံရေးမှာ ဦးဆောင်မယ်။ နောက်မှ ပါတီထဲရောက်လာတဲ့သူတွေက CEC ရဲ့ ဦးဆောင်မှုကို ခံယူရမယ်” ဟုပြောကြားခဲ့သည်။
၈၈ ခေါင်းဆောင်အချို့ NLD ကိုယ်စားလှယ်လောင်းရွေးချယ်သည့် စာရင်းတွင် မပါဝင်သည့်အတွက် နိုင်ငံရေးလှုပ်ရှားမှု များတွင် ပူးပေါင်းဆောင်ရွက်မှုရှိနိုင်/ မရှိနိုင် ဆိုသည့်ကိစ္စမှာမူ ၈၈ မျိုးဆက်အဖွဲ့၏ ကိစ္စသာဖြစ်ပြီး NLD ၏ ကိစ္စမဟုတ် ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။
ယခင်ကဲ့သို့ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိနိုင်ဦးမလား ဟု မေးမြန်းရာ ဦးဥာဏ်ဝင်းက “ဒါက ကျွန်တော်တို့ဘက်က အဆင်သင့်ပါ။ ကျန်တဲ့တစ်ခြမ်းကတော့ သူတို့အပိုင်းပေါ့။ ကျွန်တော်လည်း မပြောချင်ဘူး” ဟု ဖြေကြားခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စွမ်းဆောင်ရည်မှာ မေးခွန်းထုတ်စရာဖြစ်နေပြီး ၄င်းတို့နေရာပျောက်မှာ စိုးရိမ်သဖြင့် ဦးကိုကိုကြီးကဲ့သို့ ထက်မြက်သူများကို ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးနိုင် ကဆိုသည်။
“ဒေါ်စုမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ ဆိုသလိုဖြစ်နေတဲ့ NLD စီအီးစီ သက်ကြားအိုကြီးတွေရဲ့ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာဖြစ်နေပြီ၊ အတွေးအခေါ်ကောင်းတဲ့ ခေတ်နဲ့အမှီလိုက်နိုင်တဲ့ မျိုးဆက်သစ်တွေ လိုနေပြီ။ ဒါပေမယ့် ပြဿနာက ငါတို့က အရင်လူ၊ မင်းတို့က နောက်မှပေါက်တဲ့ရွှေကြာပင်ဆိုသလို နောက်လူကို နေရာမပေးချင်ဘူး။ ကိုကို ကြီးလို လူမျိုးကို ခေါ်လိုက်ရင် စီအီးစီတွေ အသုံးမကျတာ ပိုပေါ်ပြီး သူတို့ နေရာပျောက်သွားမယ်။ ဒါကြောင့် သူတို့ကို မလှန်နိုင်မယ့်သူတွေကိုပဲ လက်ခံတာလို့ သုံးသပ်ရတယ်” ဟုဆိုသည်။
NLD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်း မခံရသည့် ပါတီဝင်တစ်ဦးက “ဒေါ်စုကပဲ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်ထားလို့ ဒီလို ဖြစ်သလား စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၈၈ တင်မကဘူး၊ ကျန်တဲ့ နေရာတော်တော် များများမှာ အောက်က တင်တဲ့သူကို မရွေးဘဲ ဗဟိုကပဲ ရွေးချင်သလို ရွေးလိုက်လို့ ပူညံပူညံဖြစ်နေတယ်။ NLD ပါတီ ဟာ အာဏာရှင် ပါတီတော့ မဖြစ်စေချင်ဘူး။ မူချထားတယ် ပြောတယ်။ အခုရွေးလိုက်တဲ့သူတွေကရော အဲဒီမူနဲ့ ဆိုရင် ဘယ်နေရာမှာရှိမလဲ။ သိပ်ပြီးတော့ မပြောချင်ဘူး။ ပါတီဗဟိုက ဘက်လိုက်တယ်၊ မတရားလုပ်တယ်။ အောက်ကို အရမ်းနိုင်စားတယ်။ ပြောသာပြောရတယ်။ ဦးတင်ဦးကအစ ဒေါ်စုဆိုရင် ဟုတ်ကဲ့ ဆိုတာမျိုးတွေပဲ ရှိနေတာ။ ရန်ကုန်က ပါတီလူကြီးတွေက ပြောတယ်။ ခွေးအမြီးဖြတ်ပြိုင်ခိုင်းတောင် NLD ပါတီ နိုင်မယ့် ရွေးကောက်ပွဲမှာ ဘယ်သူပဲ ဖြစ်ဖြစ် နိုင်မှာပဲ။ ဘယ်သူမို့လို့ ဘယ်ဝါမို့လို့ နာမည်ကြီးမို့လို့ ဆိုပြီး စဉ်းစားမှာ မဟုတ်ဘူး လို့ ပြော တယ်။ ခွေးအမြီးဖြတ်ပြိုင်ခိုင်းရင်တောင် နိုင်တယ် ဆိုရင် ခွေးတွေပဲ ပြိုင်ခိုင်းတော့လေ” ဟု ပြောသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ NLD ပါတီနှင့် ၈၈ အကြား၊ NLD ပါတီ ဗဟိုနှင့် ပြည်နယ်တိုင်းများ အကြား ပြင်းပြင်းထန်ထန် တင်းမာမှု ဖြစ်ပွားနေရာ NLD ခွဲထွက် တစ်သီးပုဂ္ဂလများအဖြစ် စုစည်းပြိုင်ဆိုင်ရန် စီစဉ် နေပြီး အချို့ဆိုလျှင် NLD ပါတီကို နှစ်ပိုင်းခွဲရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်းရရှိသည်။
#ပြည်သူ့အာဏာ

No comments:

Post a Comment