ယွမ်ငွေတန်ဖိုးလျှော့ချမှုကြောင့် ဒေသတွင်းအခြားနိုင်ငံများနည်းတူ အမေရိကန်ဒေါ်လာဈေးနှုန်း လှုပ်ရှားမှုဖြစ်ပေါ်ခြင်းဖြစ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် သြဂုတ် ၁၇
ဦးဆက်အောင်
" လတ်တလော ဘဏ်အချို့နဲ့ပတ်သတ်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေ က ကောလဟလ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘယ်ဘဏ် ကိုမှ ပိတ်သိမ်းဖို့ စီစဉ်ထားတာ မရှိပါဘူး။ "
ပြီးခဲ့သည့် သီတင်းပတ်မှစ၍ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်ရာတွင် ဈေးနှုန်းလှုပ်ခတ်မှု ရှိနေခြင်းနှင့် ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက် သည့် သတင်းဂယက်များကြောင့် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် မြန်မာ့သတင်းစဉ် (ပြည်တွင်း)က တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် စုစည်းဖော်ပြလိုက်ပါသည်။
မေး။ ။ လတ်တလောမှာ ဈေးနှုန်း လှုပ်ခတ်မှုရှိနေတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်း နဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ သုံးသပ် ရှင်းပြပေးပါရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ ဒေါ်လာဈေးက တည်ငြိမ် သွားတာ တစ်လလောက် ရှိသွားပါပြီ။ လွန်ခဲ့တဲ့ သီတင်းပတ် အင်္ဂါနေ့လောက်မှာ ဈေးကွက် လှုပ်သွား တာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်က မြန်မာတစ်နိုင်ငံတည်းမှာ မဟုတ်ဘဲ ဒေသ တွင်းနိုင်ငံတော်တော်များများမှာ လှုပ်သွားတာ တွေ့ရပါတယ်။
အဓိက ကတော့ တရုတ်ပြည်က ယွမ်ငွေကြေးကို လျှော့ချတဲ့ (Devaluation) ဖြစ် တာကြောင့် ပါတာ ပေါ့။ နိုင်ငံတော်တော်များများက စီးပွားရေးလှုံ့ဆော်မှု (Economic stimulus)တွေသုံးပြီး ငွေကြေး တန်ဖိုးတွေ လျှော့ချလာတဲ့အချိန်မှာ တရုတ်ယွမ်ငွေက တည်ငြိမ်နေ ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပို့ကုန်အခြေခံတဲ့ ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒကို အားမကိုးတော့ဘဲ ပြည်တွင်းသုံး စွဲမှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို အကောင် အထည်ဖော်ဆောင်လာတဲ့အတွက် အခြားနိုင်ငံငွေကြေး တွေ ကျဆင်းအောင် ပြုလုပ်နေတဲ့အချိန်မှာ မာနေတဲ့ တရုတ်ငွေကြေးကိုမချဘဲ တည်ငြိမ်အောင်ပြုလုပ်နေတယ် လို့ ထင်ကြေးပေးခဲ့ကြပါ တယ်။ နိုင်ငံတော်တော် များ များက မိမိတို့ငွေကြေးကို လျှော့ချလာတဲ့အတွက် ကမ္ဘာ မှာ ငွေကြေးစစ်ပွဲ (Currency War) များဖြစ်နေပြီလား ဆိုပြီး ထင်ကြေးပေးတဲ့သူများလည်းရှိပါတယ်။ အခုတော့ တရုတ်နိုင်ငံဟာ အဲဒီငွေကြေးစစ်ပွဲထဲကို ပါဝင်လာပြီဖြစ် တယ်လို့ ပြောနေကြပါတယ်။ တရုတ်ငွေကြေးကျဆင်း လာတဲ့အတွက် အမေရိကန်နိုင်ငံက ခေါင်းကိုက်နေရ ပါတယ်။ အမေရိကန်ငွေကြေးက မာလာတဲ့အချိန်မှာ တရုတ်ငွေကြေးကျ သွားတော့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးမှာ နစ်နာမှုတွေကြုံတွေ့ရမှာပါ။
အမေရိကန်နိုင်ငံဟာအခု ၂ဝ၁၅ စက်တင်ဘာမှာ သူတို့ရဲ့ အတိုးနှုန်းကို တက်မယ်ဆိုပြီး စီစဉ်ထားတဲ့ မူဝါဒကို ပြန်စဉ်းစားစရာတွေဖြစ်သွားပါတယ်။ ဒီအတိုး နှုန်း တက်လိုက်ရင် အမေရိကန်ဒေါ်လာဈေး ပိုမာသွား နိုင် ပြီးတရုတ်ယွမ်ကလည်း လျှော့ချထားတော့ ကုန်သွယ်မှုပိုင်းမှာ ပိုပြီးတော့ နစ်နာမှုတွေဖြစ်သွား နိုင်ပါတယ်။
တရုတ်ငွေကြေးကို လျှော့ချလိုက်တဲ့အတွက် တော်တော်များများနိုင်ငံတွေရဲ့ ငွေကြေးတွေကလည်း ကျလာပါတယ်။ အင်ဒိုနီးရှား ရူပီးနဲ့ မလေးရှား ရင်းဂစ် တွေက တော်တော်ကျသွားပါတယ်။ အဲ့ဒါကြောင့် မြန်မာ ငွေလည်း ရိုက်ခတ်မှုရှိပါတယ်။
မေး။ ။ ဒီလို ဖြစ်စဉ်မတိုင်မီ နှစ်လလောက်မှာ မြန်မာ ကျပ်ငွေဈေး ကျပြီး ဒေါ်လာငွေဈေး ဆက်တိုက် မြင့်တက်လာတာနဲ့ ဒီဖြစ်စဉ်က ဆက်စပ်မှုရှိလားဆိုတာ သိပါရစေ။
ဖြေ။ ။ ပြည်တွင်းမှာဖြစ်တဲ့ ကိစ္စတွေကြောင့် ငွေကြေး ရိုက်ခတ် မှုဖြစ်တာ လားဆိုပြီး တော်တော်များ များ မေးကြတာပဲ။ အဲဒါကျတော့ တိုက်ဆိုင်မှုကြောင့် လားတော့ မသိဘူး။ နိုင်ငံတကာ ဈေးကွက်ကြီးမှာ ဒီလိုဖြစ် သွားတဲ့ အချိန်နဲ့ ပြည်တွင်းမှာဖြစ်တဲ့အချိန်နဲ့ ထပ်တူထပ်မျှ ဖြစ်တဲ့အတွက် ကျွန်တော် တို့ မြင်တာတော့ နိုင်ငံတကာ ဈေးကွက်ကြီးမှာ တရုတ်ယွမ်ငွေ ချက်ချင်းပြုတ် ကျသွား တဲ့ကိစ္စနဲ့ ဆက်စပ်မှုရှိမယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာကျပ်ငွေကို အများကြီးကျမ သွားအောင် ဈေးကွက် ထဲကို ဒေါ်လာငွေ ရောင်းပါတယ်။ ဇွန်လ ကတည်းကစပြီးရောင်းတာ အခု ချိန်ထိ ရောင်းနေပါတယ်။ ဆက်ပြီးရောင်း သွားဖို့လည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားငွေကြေးလေလံ(FX Auction) ကတစ်ဆင့် ဒေါ်လာငွေတွေ အများကြီး ရောင်း ထားပါ တယ်။ လေ့လာစောင့်ကြည့်လုပ်ငန်းစဉ် (Monitoring Mechanism) တွေ လည်း ပြန်လုပ်ထား ပါတယ်။ ဘဏ်တွေရဲ့ Client တွေဖြစ်တဲ့ Importer တွေ ကိုလည်း ရောင်းကိုရောင်းရမယ်။ တကယ်လို့ Importer တွေကို ကျွန်တော်တို့ ဆီက ဝယ်တဲ့ငွေရဲ့ ၈ဝ ရာခိုင်နှုန်းကို မရောင်းထားဘူးဆိုရင် ဒီမှာ ဝယ်လို့ မရ အောင် ပြန်ထိန်းထားတာတွေရှိပါတယ်။ အခု ဘဏ်တွေ ကလည်း လိုအပ်တဲ့ ဒေါ်လာငွေကို ဗဟိုဘဏ်က ဝယ် ပြီးတော့ သူတို့ရဲ့ Client တွေကို ပြန်ရောင်းပေးပါတယ်။
မေး။ ။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းတန်ဖိုး သတ်မှတ် ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေနဲ့ သတ်မှတ်တယ် ဆိုတာသိပါရစေရှင့်။
ဖြေ။ ။ ဒီနေရာမှာ ငွေကြေးလေလံဆိုတာကို ရှင်းပြချင် ပါတယ်။ ဗဟိုဘဏ် ရဲ့ နေ့စဉ်ငွေကြေး သတ်မှတ် ချက်က ထင်သာမြင်သာမရှိ ဘူးလို့ ပြောကြ တာတွေရှိပါ တယ်။ ဒါပေမယ့် ထင်သာမြင်သာမရှိဘူး ဆိုတဲ့ကိစ္စ က နိုင်ငံခြားငွေကြေးလေ လံဆိုတာကို ဘာမှန်းမသိသေးတဲ့ အတွက် ပြောကြ တာဖြစ်မှာပါ။ နိုင်ငံခြား ငွေကြေးလေလံ ဆိုတာ နေ့စဉ် မနက် ၉ နာရီဆိုရင် ဘဏ်တွေကိုခေါ်တယ်။ နိုင်ငံခြားငွေရောင်းချင်တဲ့ ဘဏ်တွေ၊ ဝယ်ချင်တဲ့ ဘဏ် တွေကို ရောက်လာပြီး သူတို့ကနေ နိုင်ငံခြားငွေ ဘယ်နှုန်း ထားနဲ့ ပမာဏဘယ်လောက် ဝယ်ချင်ပါတယ်။ ဘယ်နှုန်း ထားနဲ့ ပမာဏ ဘယ်လောက်ရောင်း ချင်ပါတယ်ဆိုတဲ့ အဆိုပြုရပါတယ်။ အဲဒီ ဝယ်တဲ့ ရောင်း တဲ့ ဈေးနှုန်းပေါ် မှာ မူတည်ပြီးတော့မှ ဗဟိုဘဏ်က နှုန်းထားသတ်မှတ် တာပါ။
ဗဟိုဘဏ်သတ်မှတ်တဲ့ နှုန်းထားက မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်တွင်း ဘဏ်တွေရဲ့ နေ့စဉ် နံနက်တိုင်း အဆိုပြုတဲ့ ဘယ်လောက်ဈေးနဲ့ ရောင်း ချင်တယ်။ ဘယ်လောက်ဈေးနဲ့ ဝယ်ချင်တယ်ဆိုတဲ့ ဈေးရဲ့ ပြင်ပမှာ ကိုယ့်ဟာကိုယ် သတ်မှတ်လို့မရပါဘူး။ နောက်လေလံ လုပ်ပြီးသွားပြီဆိုတာနဲ့ အင်တာနက် ပေါ်တင်ပါတယ်။ ဘဏ်ဘယ်နှခုလာတယ်။ ဘဏ် ဘယ်နှခု Bid တင်တယ်။ ဘဏ်ဘယ်နှခုကOffer တင်တယ်။ အနိမ့်ဆုံးဘယ်Rateကနေ အမြင့်ဆုံးဘယ် Rate ဖြစ်ပြီး အဲ့ဒီထဲကမှ ဘယ် Rate ကိုယူပါတယ်ဆိုတာ အင်တာနက်မှာ နေ့တိုင်းတင်ပါတယ်။
မေး။ ။ ဒီထက်ပိုပြီး ငွေကြေးဂယက်လှုပ်ခတ်သွားနိုင်ခြေ ရှိ/မရှိနဲ့ ရှိ လာရင် ဗဟိုဘဏ်အနေနဲ့ ဘယ်လို ထိန်းကျောင်းသွားမယ်ဆိုတာ သိပါရစေရှင့်။
ဖြေ။ ။ ဗဟိုဘဏ်အနေနဲ့က ထိန်းကျောင်းတဲ့ပုံစံ အမျိုး မျိုးရှိ ပါ တယ်။ အဓိက အားဖြင့် ငွေကြေးမူဝါဒ (Monetary Policy) ပေါ့။ အခုလောလောဆယ်မှာ Monetary Policy အရ ဈေးကွက် ထဲက ငွေကြေးတွေ ကို နှစ်ဆကျော်လောက်
နုတ် ယူနေပါတယ်။ မြန်မာငွေ ကျပ်တော့မှ မြန်မာငွေကျ ဆင်းမှု လျော့ လာမှာပါ။ နိုင်ငံ တကာမှာတော့ အခုလိုလုပ်တဲ့ တင်းကျပ်တဲ့ငွေကြေးမူဝါဒ ကို Open Market Operations (OMO) နည်းနဲ့ ဆောင်ရွက်ပါ တယ်။ မြန်မာနိုင်ငံ မှာက ချေးငွေစာချုပ် ဈေးကွက် (Secondary Bonds Market)မဖွံ့ဖြိုးသေး တဲ့အတွက် OMO နည်းနဲ့မဟုတ်ဘဲ အခြားနည်းတွေဖြစ် တဲ့ Deposit Auction နည်းနဲ့ Reserve Requirement နည်းတွေကိုသုံးပါတယ်။ နောက်တစ်ခုက Intervention နည်းနဲ့ ဈေးကွက်လိုအပ်တဲ့ နိုင်ငံခြားငွေကို ရောင်းပေး တာပေါ့။ နိုင်ငံတကာမှာ အခုလို Intervention ကို ဘဏ် အချင်း ချင်းရောင်းဝယ်တဲ့ ဈေးကွက် (Multilateral Interbank Market)က ဆောင်ရွက် တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ Bilateral Interbank Market ပဲရှိနေသေးတဲ့အ တွက် နိုင်ငံခြားငွေကြေးလေလံက တစ်ဆင့် Official Intervention ပြု လုပ်ပါတယ်။ မြန်မာနိုင်ငံထက် အများကြီးတိုးတက်တဲ့ သြစတြေးလျ နိုင်ငံလို နီးနီးစပ်စပ် ထိုင်းနိုင်ငံမှာဆိုရင်လည်း ငွေကြေး ကျဆင်း တာတွေ ကို တွေ့ကြုံနေရပါတယ်။
မေး။ ။ ဒေါ်လာဈေးတွေ မြင့်တက်တာ ခဏတာပဲဖြစ် မယ်ဆိုပြီး ဘောဂဗေဒ ပညာ ရှင်တချို့က သုံးသပ်ကြတာတွေ့ရပါတယ်။ ဒီလို ဈေးနှုန်းမြင့်တက် တာ၊ လှုပ်ခတ်မှုရှိနေတာနဲ့ပတ်သက်ပြီး ဆရာ့ရဲ့ သုံးသပ် ရှုမြင်ပုံ ကိုလည်း သိပါရစေရှင့်။
ဖြေ။ ။ လတ်တလော သတင်းစာထဲမှာ ဖတ်လိုက်ရတာ တွေရှိပါ တယ်။ ရေဘေးကြောင့် ကူညီကယ်ဆယ် ရေးတွေ ကနေတစ်ဆင့် ဒေါ် လာငွေတွေဝင်လာမှာဖြစ်လို့ ဒေါ်လာတက်တာဟာ ယာယီပဲဖြစ်မယ်လို့ သူတို့ရဲ့ ရှုထောင့်ကနေ အကဲခတ်တာလည်း မမှားပါဘူး။ တခြားရှုထောင့်တွေ လည်း ရှိနေတာပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒေါ်လာငွေနဲ့ မြန်မာ ကျပ်ငွေ လဲလှယ် နှုန်း အတက်အကျအလွန်ကြမ်းတမ်းမှုမရှိစေဖို့နဲ့ အရင် ကလို တရားဝင်ဈေးနဲ့ တရားမဝင်ဈေး အလွန်ကွာဟ တဲ့ Multiple exchange ratesမဖြစ်စေဖို့ ကြိုးစားနေ ပါတယ်။
မေး။ ။ လတ်တလောဖြစ်ပေါ်နေတဲ့ ပုဂ္ဂလိကဘဏ်အချို့ နဲ့ပတ်သက် တဲ့ သတင်းတွေ အပေါ်မှာ ဗဟိုဘဏ် ရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါ သလဲရှင့်။
ဖြေ။ ။ လတ်တလော ဘဏ်အချို့နဲ့ပတ်သက်ပြီး ထွက် ပေါ်လာတဲ့ သတင်းတွေ က ကောလာဟလဖြစ်ပါ တယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဘယ်ဘဏ် ကိုမှ ပိတ်သိမ်းဖို့ စီစဉ်ထားတာမရှိပါဘူး။ ဘဏ်တွေအနေ နဲ့ ငွေကြေးအကျပ်အတည်းဖြစ်လာရင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုရှိနေစေဖို့ ဗဟိုဘဏ် က လိုအပ်တဲ့ငွေကြေးအကူအညီတွေကို ဥပဒေနဲ့အညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ အားလုံးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ကြီးကြပ်စိစစ် မှု အောက်မှာရှိပြီး ဗဟိုဘဏ်က ပြဋ္ဌာန်းထာတဲ့ သတ် မှတ်ချက်တွေနဲ့အညီ ဘဏ် လုပ်ငန်းတွေ ဆောင်ရွက်နေ ကြပါတယ်။ ဒီနေ့မွန်းလွဲပိုင်းကပဲ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီး တွေနဲ့
မြန်မာငွေကြေး တည်ငြိမ်မှုရစေဖို့ ဗဟိုဘဏ်မှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ငွေဈေး တည်ငြိမ်စေဖို့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
MOI

No comments:
Post a Comment