Links

clock

Friday, August 21, 2015

ရန်ကုန်မြို့တော်ရှိ ဘာသာရေး အဆောက်အအုံများကို လုံခြုံရေး အထူးတိုးမြှင့်


--------------------------------------
ရန်ကုန်၊ သြဂုတ် ၂၀
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေးမျက်နှာဘုရား အနီးတွင် ဗုံးပေါက်ကွဲမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဘာသာပေါင်းစုံမှ ဘာသာရေး အဆောက်အအုံများကို လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး ရှောင်တခင် ဧည့်စာရင်း စစ်ဆေးမှုများပါ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“အကြမ်းဖက်တွေ အဓိက ပစ်မှတ်ထားတဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံပါ ပါဝင်နေတာကြောင့် လတ်တလော ထိုင်းမှာ ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုမျိုး ဒီမှာမဖြစ်ရအောင် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်နေတာပါ၊ ယခင်ထဲက ရန်ကုန်မြို့တော်ရဲ့ ဝင်ထွက်ပေါက်တွေကို ပိတ်ဆို့စစ်ဆေးမှုတွေ ဆောင်ရွက်နေသလို ဘာသာရေး အဆောက်အအုံတွေ အပြင် လူစည်ကားရာ နေရာတွေမှာပါ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေပါ ထားရှိပြီး အထူးလုံခြုံရေး ဆောင်ရွက်ပေးနေတယ်” ဟု အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဘာသာရေး အဆောက်အအုံများကို အထူးလုံခြုံရေး တိုးမြှင့်ကာ ဆောင်ရွက်နေချိန်တွင် သက်ဆိုင်ရာ ဘာသာရေး အဆောက်အအုံများမှ တာဝန်ရှိသူများက လုံခြုံရေး CCTV များကို တပ်ဆင်ထားရန်နှင့် မျက်နှာစိမ်းများ ရောက်ရှိလာပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များထံ ချက်ချင်းသတင်းပေးပို့ရန် မှာကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
“လုံခြုံရေး ဆောင်ရွက်ရာမှာ ပြည်သူကလည်း တာဝန်သိစိတ်နဲ့ ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်၊ သက်ဆိုင်ရာအဖွဲ့က လုံခြုံရေးတွေ ဆောင်ရွက်နေပေမယ့် ရပ်ကွက်မှာရှိတဲ့ ပြည်သူက မသင်္ကာဖွယ် လူစိမ်းတစ်ယောက်ကို သတိထားမိရင် ချက်ချင်းသတင်းပေးပို့မှ အချိန်မီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာပါ၊ ဘာသာရေး အဆောက်အအုံတွေ လုံခြုံရေး ဆောင်ရွက်နေသလို၊ ရပ်ကွက်ထဲ ရှောင်တခင် ဧည့်စာရင်းစစ်တာနဲ့ လမ်းပေါ်က ယာဉ်တွေကို နေ့ည ယာဉ်ကြောစစ်ဆေးရေး အဖွဲ့တွေနဲ့ပါ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းလုပ်ကြံမှုတွင် နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုများသည့် နေရာကို ပစ်မှတ်ထားကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံခြားသားနှင့် ဘုရားဖူးများ နေ့စဉ် ဝင်ထွက်သွားလာနေသော ရွှေတိဂုံစေတီတော်ကြီး၏ လုံခြုံရေးကို အထူးတိုးမြှင့် ဆောင်ရွက်ထားကြောင်း ရွှေတိဂုံဘုရား လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောကြားသည်။
“ဘုရားရဲ့ မုခ်လေးမုခ်နဲ့ ဘုရားပေါ် လူစည်ကားရာ နေရာတွေမှာ လုံခြုံရေး အင်အားနှစ်ရာနီးပါး ထားပြီး နေ့ညလုံခြုံရေးတွေ ဆောင်ရွက်ထားပါတယ်၊ အထူးလုံခြုံရေးအတွက် လိုအပ်ရင် မြို့နယ်ရဲတပ်ဖွဲ့က ရဲအင်အား ထပ်ပူးပေါင်းပြီး ဆောင်ရွက်ပါတယ်၊ ည ၉ နာရီကနေ နံနက် ၁ နာရီ၊ နံနက် ၁ နာရီကနေ ၅ နာရီထိ ဘုရားအနီးက ပြည်လမ်းမ၊ မြေနီကုန်းနဲ့ ဟံသာဝတီ အဝိုင်းတွေဘက်မှာပါ ယာဉ်နဲ့ လှည့်လည်စစ်ဆေးမှုတွေ ဆောင်ရွက်ထားသလို ဘုရားပေါ်မှာလည်း နေရာအနှံ့မှာ CCTV တွေ တပ်ဆင်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အကြမ်းဖက် ဖောက်ခွဲရေးသမားများ မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်နိုင်စေရန် နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည့် နယ်စပ်ဖြတ်ကျော် ဂိတ်များတွင် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်ထားကြောင်း၊ ယင်းအပြင် ရေကြောင်း၊ လေကြောင်းနှင့် ကုန်းလမ်းကြောင်းမှာရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးအင်အား ထပ်တိုးမြှင့်ကာ ဆောင်ရွက်နေပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများ သိုလှောင်ထားနိုင်သည့် နေရာများဟု ယူဆရသည့် မသင်္ကာသည့် နေရာများကို ရှောင်တခင် စစ်ဆေးမှုများပါ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူစည်ကားရာ (လေးမျက်နှာ) ဧရာဝဏ်ဘုရားအနီး လမ်းဆုံတွင် သြဂုတ်လ ၁၇ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၁၀၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာတွင် ဘာသာရေး အစွန်းရောက်သူများက ဖောက်ခွဲကြံစည်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံရှိ အာဏာပိုင်အဖွဲ့က ယူဆထားသည်။
The Voice

No comments:

Post a Comment