
-------------------------------------
ရန်ကုန်၊ သြဂုတ် ၂၀
လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်း ၅ လမ်းနှင့် ၆ လမ်းကြားတွင် သြဂုတ်လ ၂၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က အလုံမှ ဆူးလေဘက်သို့ ယာဉ်နောက်လိုက် မောင်းနှင်လာသော မ.ထ.သ အမှတ် ၃၄ (အထူး) ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ညအိပ်ရပ်နားထားသည့် ယာဉ်လေးစီးကို ဆင့်တိုက်မိရာမှ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည်လေးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ကုန်ကြိုပြီး ဈေးဝယ်ပြန်လာတဲ့ ခရီးသည်တွေပါတဲ့ကား တိမ်းမှောက်တာ၊ မနက်ပိုင်း ယာဉ်ကြောရှင်းချိန် ယာဉ်မောင်းမပါတဲ့ ကားပေါ် ယာဉ်နောက်လိုက်က တက်မောင်းလာတာလို့ စုံစမ်းသိရတယ်၊ ယာဉ်တိုက်မှုဖြစ်ချိန်မှာ ကားမောင်းလာတဲ့ ယာဉ်နောက်လိုက်က ထွက်ပြေးတိမ်းရှောင်နေလို့ မထသ ယာဉ်လိုင်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စုံစမ်းရှာဖွေနေပါတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ခရီးသည်တင်ယာဉ်မှာ လမ်းဘေး ညအိပ်ရပ်နားထားသည့် ကိုယ်ပိုင်ယာဉ်နှစ်စီး အပါအဝင် ယာဉ်လေးစီးကို ဆင့်တိုက်မိရာမှ လမ်းညာဘက်သို့ တိမ်းမှောက်ခဲ့စဉ် ယာဉ်ပေါ်ပါ ခရီးသည် ၁၀ ဦးအနက် အမျိုးသမီးနှစ်ဦး အပါအဝင် လေးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ထားရကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ သိရှိရသည်။
“ခရီးသည် တင်ယာဉ်လိုင်းတွေမှာ ယာဉ်နောက်လိုက်တွေက ယာဉ်ကြောရှင်းချိန် ယာဉ်မောင်းအတတ်သင် စမ်းမောင်းနေတာက ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို အရမ်းစိုးရိမ်ရပါတယ်၊ ဒီလိုမလုပ်ဖို့ကို တင်းကျပ်စွာ မှာကြားထားပေးမယ့် လက်တွေ့လိုက်နာမှုပိုင်း အားနည်းနေလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ခရီးသည်တင်ယာဉ်လိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တင်းကျပ်စွာ စစ်ဆေးဖို့ ထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးသည်တင်ယာဉ် ယာဉ်လေးစီး ဆင့်တိုက်ရာမှ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သည့်သူကို ယာဉ် (ပ) ၂၁/၁၅၊ ပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ သိရှိရသည်။
The Voice













No comments:
Post a Comment