Links

clock

Tuesday, August 25, 2015

ဘယ်လိုအခက်အခဲရှိရှိ ယနေ့နိုင်ငံတော်၊ တပ်မတော်နဲ့ပြည်သူ ညီညီညွတ်ညွတ်ဆောင်ရွက်သွားမယ်

 


ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများ အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့၏ ပံ့ပိုးကူညီ ဆောင်ရွက်မှု များနှင့် ရေဘေးသင့်ဒေသများကို ပြန်လည် ထူထောင်နိုင်ရေးအတွက် လက်ရှိ ဆောင်ရွက် နေမှုတို့နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်သို့ ရောက် ခိုက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ရေဘေး ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေ ကို သိပါရစေ။

ဖြေ။ ။ကျွန်တော်စပြီး ပြောရမှာကတော့ နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ နံပါတ် (၁) အသက်ရှင်ရပ်တည်နိုင်ရေး၊
နံပါတ် (၂) ပြန်လည်ထူထောင်ရေး၊
နံပါတ် (၃) မူလအနေအထား ပြန်လည် ရောက်ရှိရေးတို့ဖြစ်ပါတယ်။
နံပါတ်တစ်ဖြစ်တဲ့ အသက်ရှင်ရပ်တည်နိုင်ရေး အတွက်ကတော့ ဖြတ်သန်းနိုင်ခဲ့ပြီလို့ပြောရမှာ ဖြစ်ပါ တယ်။ ရေဘေးမှာ (၅၆)ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ဝမ်းနည်းကြေကွဲသလို နိုင်ငံတော်သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း မိသားစုများနဲ့အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခံ စားရကြောင်း ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အသက်ရှင် ရပ်တည်နိုင်ရေးကို နိုင်ငံတော်အပိုင်း၊ တပ်မတော်အပိုင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအပိုင်းအားလုံး တစ်နိုင်ငံလုံးက ဝိုင်းဝန်း ကူညီတဲ့အတွက် ကျော်ဖြတ်နိုင်ခဲ့ ပါပြီ။ ပြန်လည် ထူထောင်ရေးဆောင်ရွက်တဲ့အခါမှာလည်း ယခုဆိုရင် UMFCCI အသင်းချုပ် အပါအဝင် လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။
မေး။ ။ ပြန်လည်ထူထောင်ရေးအပိုင်းဆောင်ရွက် နေမှုနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေးရှင်းပြပေးပါ ခင်ဗျ။
ဖြေ။ ။ ပြန်လည်ထူထောင်ရေးအပိုင်းမှာ ဆိုရင် ပျက်စီးသွားတဲ့ အဆောက်အအုံ၊ နေအိမ်တွေ ပြန်လည် ပြုပြင် တည်ဆောက်ပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတကြီး ရဲ့ အထူးရန်ပုံငွေက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဆုံးရှုံး သွားတဲ့လှေတွေ၊ ငါးဖမ်းပိုက်တွေ၊ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာပစ္စည်းတွေ ပြန်လည်ထူထောင်နိုင်အောင် လုပ်ပေးရပါမယ်။ နောက်ပြီး မျိုးစပါးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးက ကျွန်တော့်ကို ၁ ဒသမ ၅ ဘီလီယံ ကြိုတင်ငွေပေးထားပါတယ်။ မျိုးစပါးများ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေး အတွက် လက်တွန်းထွန်စက် အစီး(၁ဝဝ)ရောက်ရှိပြီး စက်သုံးဆီကအစ ကူညီပေးဖို့ နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ထားပါတယ်။ သမ္မတကြီးက ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး အိမ်ပါ ပါသွားတဲ့သူဆိုရင် ဖယောင်းတိုင်၊ မီးခြစ်က အစ ဓါးမတစ်ချောင်းပါမကျန်၊ တာလပတ်၊ ရေပုံးအထိ ကျပ် တစ်သိန်းတန် မိသားစုသုံးပစ္စည်းတွေ ဝယ်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို စေခိုင်းထားလို့ ယခုဆို ရောက်ရှိလို့ ခွဲဝေပေးနေပါပြီ။ အားလုံး ခြုံငုံကြည့်မယ်ဆိုရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။ လုပ်လို့ရတာ အကုန်လုပ်မှာ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက် တဲ့အခါမှာ အရှိန်အဟုန်နဲ့ သွားနေတဲ့အတွက် ယနေ့အထိ ပြဿနာတစ်စုံတစ်ရာမရှိသေးပါဘူး။ ကျန်းမာရေး မှာလည်း ယခုအချိန်အထိ ထူးခြားတဲ့ရောဂါ လက္ခဏာဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ တပ်မတော်ကဆိုရင် နာဂစ်ကာလ လို ပုံစံမျိုးဖြန့်ကျက်ပြီး ဆောင်ရွက်နေတဲ့အတွက် ရခိုင်ပြည်နယ်ရေဘေးနဲ့ပတ်သက်လို့ရှိရင် တည်ငြိမ် တိုးတက်မှုရှိပါတယ်။
မေး။ ။ဟုတ်ကဲ့၊ အချိန်တိုအတွင်း ပြန်လည် ထူထောင်နိုင်မယ်လို့ ဝန်ကြီးချုပ်မျှော်လင့်ထားပါ သလား။
ဖြေ။ ။ခရီးစဉ်တိုင်းမှာ ပြည်သူအများစုကို တက်တက်ကြွကြွရွှင်ရွှင်လန်းလန်းနဲ့ တွေ့မြင်ရပါတယ်။ ဒါဟာ ရခိုင်ပြည်နယ် အနာဂတ်အတွက် အင်မတန် ကောင်းမွန်တဲ့ နိမိတ်တွေပါပဲ။ ဒီလိုမျိုးရေဘေးသင့် အဖြစ်ဆိုးကြီးကို ကြုံတွေ့ရတဲ့ အချိန်မှာ အကောင်းတွေ ဖြစ်လာဖို့ နိမိတ်တွေပေါ်လာပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် အကောင်းတွေဖြစ်လာမယ့် နိမိတ်တွေကို လက်ခံကြိုဆိုပြီး ဘယ်လို အခက်အခဲပြဿနာရှိရှိ ကျွန်တော်တို့ ယနေ့နိုင်ငံတော်ရယ်၊ တပ်မတော်ရယ်၊ ပြည်သူတွေရယ် အားလုံးညီညီညွတ်ညွတ်နဲ့ ဆောင်ရွက် သွားမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ကြီးဟာ မကြာမီအချိန်အတွင်း ''တည်ငြိမ်လုံခြုံဖွံ့ဖြိုးတိုးတက်''တဲ့ ပြည်နယ်ကြီး ဖြစ်လာမယ်လို့ ပြောချင်ပါတယ်။
အင်တာဗျူးနှင့်ဓာတ်ပုံ-အေးကို(သတင်းစဉ်)
MOI

No comments:

Post a Comment