Links

clock

Sunday, October 11, 2015

မြစေတီကျောက်စာနှင့် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ်သတ်မှတ်


ရန်ကုန်၊အောက်တိုဘာ ၁၀
မြစေတီကျောက်စာနှင့်အလောင်းမင်းတရား၏ရွှေပေလွှာတို့ကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့ တွင် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိကျင်းပသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အစီအစဉ်၏၁၂ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အကြံပေးကော်မတီ အစည်းအဝေးမှ သတ်မှတ်အတည်ပြုခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကမ္ဘာ့အမွေအနှစ်လျှောက်ထားမှုပေါင်း ၈၈ ခုအနက်မှ မြန်မာနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ဗြိတိန်နိုင်ငံ ဗြိတိန်စာကြည့်တိုက်နှင့်ဂျာမနီနိုင်ငံ၊ဟန်နိုဗာမြို့ Gottfried Wihelm Leibniz စာကြည့်တိုက်တို့က ပူးပေါင်းတင်သွင်းသော မြစေတီကျောက်စာနှင့်အလောင်းမင်းတရားကြီး၏ရွှေပေလွှာမှတ်တမ်းအမွေအနှစ် အပါအဝင် ၄၇ ခုကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
“မြစေတီကျောက်စာကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်ရိုက် တင်သွင်းခဲ့တာ။အလောင်းမင်းတရားကြီးရွှေပေလွှာကတော့ အလောင်းဘုရားက ဗြိတိန်ဘုရင်ဂျော့-၂ ကို ပေးပို့ခဲ့တဲ့ ရွှေပေလွှာကို မြန်မာနိုင်ငံဘက်ကို သဘောထားတောင်းခံပြီး ဂျာမနီနိုင်ငံက ပူးတွဲတင်ပြခဲ့တာ ။ အဲဒီရွှေပေလွှာကို ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wihelm Leibniz စာကြည့်တိုက်မှာ အခုထိ ထိန်းသိမ်းထားတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြစေတီကျောက်စာသည်သက္ကရာဇ် ၄၇၅ (အေဒီ၁၁၁၃)အကြောင်းအရာတစ်မျိုးတည်းကို ကျောက်စာမျက်နှာလေးဖက်တွင် မြန်မာ၊ပျူ၊မွန်၊ပါဠိဟူ၍ လေးဘာသာအက္ခရာစာများဖြင့် ရေးထိုးထားခြင်းကြောင့် တစ်ဘာသာနှင့်တစ်ဘာသာ နှိုင်းယှဉ်ဆက်စပ်၍ အဓိပ္ပာယ်ဖော်ယူနိုင်ပြီး ပုဂံခေတ်တွင် ပေါ်ထွန်းခဲ့ သော စာအရေးအသားလေးမျိုးစလုံးကို လေ့လာသုတေသနပြုနိုင်ခဲ့သော မြန်မာစာပေလောက၏ အစောဆုံးတွေ့ရှိရသည့် ကျောက်စာဖြစ်သည်။
အလားတူအေဒီ ၁၇၅၆ခုနှစ်တွင် အလောင်းမင်းတရားကြီးက ဗြိတိန်ဘုရင်ဂျော့-၂ထံ အင်္ဂလိပ်ကုန်သည် အဖွဲ့က ဟိုင်းကြီးကျွန်းပေါ် တွင် နေထိုင်ခွင့် ပြုထားကြောင်း ပေးပို့သော သဝဏ်လွှာဖြစ်ပြီး ဗြိတိန်ဘုရင်ဂျော့-၂က မွေးဖွားရာဇာတိဖြစ်သော ဟန်နိုဗာမြို့စာကြည့်တိုက်သို့ လွှဲပြောင်းပေးခဲ့၍ ထိန်းသိမ်းထားသော ရွှေပေလွှာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
စာကြည့်တိုက်၊ပြတိုက်နှင့်မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊လက်ရေးစာများ၊တန်ဖိုးမဖြတ်နိုင်သော စာအုပ်များ၊ သတင်းစာ များ၊ဓာတ်ပုံနှင့်ပန်းချီကားများ၊ဖလင်များ၊အသံနှင့်ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်းအထောက်အထားများစသည် လူသားနှင့် သက်ဆိုင်သည့် မှတ်တမ်းအမွေအနှစ်များကို တန်ဖိုးထားမှု၊ကာကွယ်ထိန်းသိမ်းမှုနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် ထောက်ပံ့ကူညီမှုများရရှိစေရန် ကမ္ဘာ့အမွေအနှစ်မှတ်တမ်းအဖြစ် သတ်မှတ်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ ဆက်လက်သိရသည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ အမွေအနှစ်ပေါင်း ၃၀၁ ခုကို မှတ်တမ်းတင်ထားနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment