Links

clock

Sunday, October 11, 2015

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခွန်ထွန်းဦး မတက်ဟုဆို



ရန်ကုန်၊ အောက်တိုဘာ ၉
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့တို့အကြား ရေးထိုးမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း ဦးခွန်ထွန်းဦးက The Voice သို့ ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် မဟုတ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်ထိန်က ပြောဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့၌ ပြုလုပ်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ကို အသိသက်သေများအဖြစ် ပါဝင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ နှစ်ဖက်သဘောတူ ဖိတ်ကြားထားသည်။
“မတက်ပါဘူး။ ရခိုင်ခရီးစဉ်လည်း ရှိနေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲ မတက်ရောက်နိုင်ခြင်းနှင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားမှုကို ဦးဝင်းထိန်က အတည်ပြု ပြောဆိုသည်။
အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သော်လည်း NLD ပါတီ၏ တိုင်းရင်းသားရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်မည်ဖြစ်ကြောင်း ဦးဝင်းထိန်က ထပ်လောင်းပြောဆိုသည်။
အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခွန်ထွန်းဦးကလည်း အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်နိုင်ကြောင်း၊ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များဖြင့် မအားလပ်ကြောင်း ပြောဆိုသည်။
“မတက်ဖြစ်ဘူး။ အဲဒီတော့ သက်သေအဖြစ်လည်း ပါနိုင်မှာ မဟုတ်ဘူး” ဟု ဦးခွန်ထွန်းဦးက ဆိုသည်။
နေပြည်တော် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲကို ခမ်းခမ်းနားနား ကျင်းပမည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားပြီး သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ စစ်ဦးစီးချုပ်များအပြင် နိုင်ငံတကာသံတမန် တစ်ရာကျော်ကို အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ ခေါင်းဆောင်များက ပူးတွဲစီစဉ်လျက်ရှိသည်။
The Voice

No comments:

Post a Comment