၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ရိပ်သာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံပြီးနောက် ရုပ်သံနှင့်ပုံနှိပ် မီဒီယာများကို သီးခြားစီ တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပါသည်။ Tomorrow ဂျာနယ်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ မေးမြန်းခဲ့သည်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဖြေကြားချက်များကို ဖော်ပြလိုက်ပါသည်။
Tomorrow - ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ သက်ပြည့်အငြိမ်းစား ယူသွားတဲ့ အချိန်မှာ ဒါမှမဟုတ် အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေး လောကထဲကို ၀င်ဖို့ရှိ၊ မရှိကို ပြည်သူတွေ စိတ်ဝင်စားနေပါတယ်။ အဲဒီမေးခွန်းလေးကို ပထမဆုံး မေးချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် -၂၀၁၅ လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲ ရှိတယ်လို့တော့ ကော်မရှင် ကြေညာထားတာရှိတယ်။ ကျွန်တော် အနေနဲ့ကတော့ တပ်မတော် တာဝန်ထမ်းဆောင်နေဆဲ ကာလပဲ ဖြစ်တယ်။ ကျွန်တော်က ၂၀၁၆ ခုနှစ်ထဲကျမှ အသက် ၆၀ပြည့်မှာ ဖြစ်ပါတယ်။ ဒါကတော့ လက်ရှိဥပဒေ အရပေါ့။ အဲဒီတော့ ကျွန်တော် တစ်ခါကလည်း ဖြေခဲ့ဖူးတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်က တော်တော့ကို ကြီးမားတယ်။ ပြဿနာတွေ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အများကြီးကို ကျွန်တော် ဆောင်ရွက်ပေးရတယ်။ တစ်ဘက်ကလည်း အစိုးရပိုင်းက လုပ်တဲ့အပိုင်းတွေ ရှိတယ်။ သို့သော်လည်းပဲ နံပါတ်တစ် အချက်ကတော့ ပြည်တွင်း လက်နက်ကိုင်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ နောက်တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ တရားဥပဒေ စိုးမိုးရေးကို လုပ်မှာကတော့ ရဲနဲ့အစိုးရ အဖွဲ့အစည်းပဲ။ သို့သော် သူတို့ကို ကူညီပေးဖို့ကတော့ ကျွန်တော်တို့ တပ်မတော်ရဲ့ တာဝန်၊ ဒီနှစ်ခုကတော့ နံပါတ်တစ် အရေးကြီးဆုံး အချက်ပေါ့။ နောက်ဒီဟာတင် မကသေးဘူး။ သူတို့ရဲ့ စွမ်းရည်တွေ မြှင့်တင်ရေးပေါ့။ တပ်မတော်သားတွေရဲ့ စွမ်းရည်တွေ မြှင့်တင်ရေးပေါ့။ ဒါကလည်း တော်တော်ကို တာဝန်ကြီးတယ်။ ဒါကြောင့် ဒီဘက်ကို အာရုံစိုက်ပြီး လုပ်နိုင်မှသာ ဒီဘက်က အရည်အသွေး တိုးတက်ရေးကို လုပ်နိုင်မှာ။ ဟိုဘက်က နိုင်ငံရေးကို တကယ်လို့သာ ကျွန်တော် သွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ကျွန်တော် လုပ်ရတော့မယ်။ ပြင်ဆင်မှု လုပ်ပြီဆိုတာနဲ့ ဒီဘက်မှာ ကျွန်တော့်မှာ လစ်ဟာချက်တွေ ဖြစ်လာမယ်။ ကျွန်တော်နဲ့ တွဲခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ ရဲဘော်တွေ မလုပ်နိုင်ဘူးလား ဆိုတာတော့ မေးစရာ ရှိတာပေါ့။ သူတို့လည်း သူတို့ကဏ္ဍနဲ့ သူတို့ လုပ်နေတာဘဲ။ သို့သော် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရတဲ့ စွမ်းပကားနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရတဲ့ စွမ်းပကားကျတော့ သက်ရောက်မှုချင်း မတူဘူး။ ကျွန်တော်က ဒါကြောင့် တပ်မတော်ဘက်ကို ဖိပြီးတော့ လုပ်နေတာ။ တိုင်းပြည် တည်ငြိမ်ရေးက ပိုပြီးတော့ အရေးကြီးတယ်။ အဲဒီမှာလည်း တပ်မတော်ကလည်း စနစ်တကျ ရှိနိုင်ရေးကလည်း ပိုပြီး အရေးကြီးတယ်။ ဒါကြောင့် ဒီဟာကို ဖိပြီးတော့လုပ်တာပါ။ တကယ်လို့ အခြေအ နေ အချိန်အခါအရ လိုအပ်လို့ရှိရင်လည်း အဲဒီကျမှ စဉ်းစားမယ်။ ထို့အတွက်လည်း နိုင်ငံရေး လောကထဲ ၀င်ဖို့နဲ့ ပတ်သက်ပြီး တွေးတောပြီးတော့ ကြံစည်နေတာမျိုး အခုအချိန်အထိ ဘာတစ်ခုမှတော့ မရှိဘူး။
Tomorrow - စင်ကာပူက မစ္စတာ ဂိုချောက်တောင်နဲ့ တွေ့တဲ့အခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောခဲ့ပါတယ်။ တစ်ချိန်မှာ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို အများပိုင် လုပ်မယ်ဆိုတာ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်နှစ် အကန့်အသတ်လောက်မှာ ဖြစ်နိုင်မလဲ။ တကယ်လို့ လုပ်မယ်ဆိုရင် စီးပွားရေးဦးပိုင် လီမိတက်ကိုပဲ လုပ်မှာလား။ ဒါမှမဟုတ် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်က စက်ရုံတွေ၊ အလုပ်ရုံတွေရော ပါမလား။ ဒါလေး သိချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် - ဒီမှာလည်း စက်ရုံတွေ စီးပွားရေးလုပ်ငန်း လုပ်ရတဲ့ ရည်ရွယ်ချက်လေး ရှိပါတယ်။ ဦးပိုင်အကြောင်း စပြောပါမယ်။ ဦးပိုင်အနေနဲ့ စီးပွားရေး လုပ်ငန်း လုပ်ရတဲ့ ရည်ရွယ်ချက်က တပ်မတော်နဲ့ တပ်မတော်သား မိသားစု သက်သာချောင်ချိရေး ဆောင်ရွက်ပေးဖို့၊ နောက်တစ်ခုက စစ်မှုထမ်းဟောင်းနဲ့ စစ်မှုထမ်းဟောင်း မိသားစုများရဲ့ သက်သာချောင်ချိရေး ဆောင်ရွက်ပေးဖို့ပေါ့။ နောက်ဆုံး အဆင့်ကတော့ ပြည်သူလူထုတွေရဲ့ သက်သာ ချောင်ချိမှုကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ နောက် နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင်းကျတော့ ဒါတွေအပြင်ကို တပ်မတော်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ပေါ့။ နောက် တပ်မတော်ရဲ့ နိုင်ငံတော် ကာကွယ်ရေး ကုန်ကျစရိတ်တွေကိုလည်း တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ တစ်ချို့ကျတော့လည်း တပ်မတော်သုံး ပစ္စည်းတွေကို MEC စက်ရုံကနေ ထုတ်လုပ်တယ်။ အပြင်ကနေ ၀ယ်ယူမယ်ဆိုရင် တစ်ရာပေးရရင် MEC စက်ရုံကထုတ်ရင် ရှစ်ဆယ် ပဲကျတယ်။ နှစ်ဆယ်လောက် သက်သာတာပေါ့။ အဲဒီလိုမျိုး လုပ်တဲ့ အတွက်ကြောင့် ရည်ရွယ်ချက်ကိုက နိုင်ငံတော်ရဲ့ အကျိုးကို ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။ သို့သော်လည်းပဲ အခု အချိန်မှာကျတော့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပြီ ဖြစ်တဲ့ အတွက်ကြောင့် တပ်မတော် စီးပွားရေး လုပ်ငန်းတွေကို နှစ်ခုလုံးပေါ့၊ MECရော၊ ဦးပိုင်ရော အများပိုင်လုပ်ရင် ကောင်းမယ်လို့ ကိုယ့်အနေနဲ့ ယူဆတာပေါ့။ ယူဆတဲ့ အတွက်ကြောင့် ကိုယ်တို့ကတော့ ဒီအတိုင်း သွားမယ်လို့ လုပ်တာပေါ့။ အခုလည်း တဖြည်းဖြည်းနဲ့ တစ်ချို့ဟာတွေ ပြောင်းလာပြီး Formatလေးတွေ ပြောင်းလာပြီ၊ ဆုပေး၊ ဒဏ်ပေးစနစ် လစာတွေ ထောက်ပံ့ကြေးနဲ့ ပတ်သက်ရင် နိုင်ငံ့ဝန်ထမ်းနဲ့ မတူတဲ့ ဆက်ဆံမှုမျိုးကို ကိုယ်တို့ကစပြီး လုပ်ပေးတာပေါ့။ နောက်သတိပေးတာတွေလည်း လုပ်ထားတယ်။ ရှုံးရင်လည်း စီးပွားရေး အတိုင်းပဲ။ မြတ်ရင်လည်း စီးပွားရေး အတိုင်းပဲ။ မြတ်လို့ရှိရင် မြတ်တဲ့အတိုင်း ဆုကြေး၊ Bonusတွေ ပေးတာပေါ့။ ရှုံးရင်လည်း ရှုံးတဲ့အတိုင်း သတိပေးတာမျိုးတွေလည်း ရှိတာပေါ့။ စီးပွားရေးဆန်ဆန် အရင်စပြီး ပြောင်းလာပြီ၊ ပြီးတော့ ရှယ်ယာတွေရှိတယ်။ ရှယ်ယာတွေမှာ နိုင်ငံနဲ့ပတ်သက်တဲ့ ရှယ်ယာတွေ တဖြည်းဖြည်း လျှော့ချတဲ့ ဟာကိုတော့ သွားနေတယ်။ တဖြည်းဖြည်းနဲ့ ရှယ်ယာတွေ လျှော့ချပြီးတော့ နိုင်ငံကနေ ရှယ်ယာတွေ နည်းသွားမယ်ဆိုရင် ရပ်တည်လို့ရပြီ ဆိုတာနဲ့ အများပိုင် တစ်ခါတည်း ပြောင်းလိုက်မယ်။ ချက်ခြင်းသွားပြောင်း လိုက်ရင်တော့ ချက်ခြင်း မဖြစ်နိုင်သေးဘူး။ အချိန်ကန့် သတ်ချက်ဆိုတာကလည်း နည်းနည်းတော့ ပြောရခက်တယ်။ ဘယ်လောက် Ready ဖြစ်မလဲ။ သုံးနှစ်မှာ Rady ဖြစ်မလား။ သုံးနှစ်မှာ Rady ဖြစ်ရင် ကျွန်တော်တို့ သုံးနှစ်မှာ သွားမယ်။ ငါးနှစ်မှာ Ready ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ငါးနှစ်မှာ သွားမယ်။ ဒီမှာ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ ဥပဒေနဲ့အညီ ဖြစ်သွားအောင် အကုန်လုံးသွားမှာပေါ့။ မလုပ်ဘူးတော့ မဟုတ်ဘူး။ သေချာတာကတော့ လုပ်မယ်။ မလုပ်လို့ မရဘူး။
Tomorrow - တတိယမေးခွန်း အနေနဲ့က လက်ရှိဖြစ်ပွားနေတဲ့ လောက်ကိုင်ဒေသ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်ခင်ဗျာ။ ဒါနဲ့ပတ်သက်ပြီးတော့ မိမိ၊ ရန်သူ အထိအခိုက် အကျအဆုံး စာရင်းလေးကိုလည်း ကျွန်တော်တို့ ဂျာနယ်မှာ ဖော်ပြချင်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ နှစ် ၂၀ လောက် ငြိမ်သက်နေတဲ့ အရှေ့မြောက် ဒေသကြီးမှာ တိုက်ပွဲကြီးတွေ ပြန်ဖြစ်တဲ့ အတွက်ကြောင့် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တရုတ်ဆန့်ကျင်ရေး ကိစ္စရပ်တွေနဲ့များ ဆက်နွယ်မှု ရှိပါသလား။ ဒါမှမဟုတ် အင်အားကြီး နိုင်ငံတွေရဲ့ Power Game ကစားတဲ့ နယ်မြေတစ်ခု အဖြစ် အရှေ့မြောက် ဒေသများ ဖြစ်သွားသလားဆိုတာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ သုံးသပ်ပေးစေလိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် - ဒါကလည်း တော်တော်ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။ လူတွေလည်း တော်တော်များများ စိတ်ဝင်စားတဲ့ ကိစ္စပဲ။ အဓိက,ကတော့ ဖုန်ကြားရှင်တို့က ၂၀၀၉ ခုနှစ်မှာ ဒီဒေသကနေ ပြီးတော့မှ လက်လွတ်ပြီးတော့မှ ထွက်ပြေးသွားရတာတွေရှိတယ်။ သူတို့ထွက်သွားရတဲ့ အကြောင်းကလည်း မူးယစ်ဆေးဝါးနဲ့ တရားမ၀င် လက်နက်တွေ ထုတ်လုပ်တဲ့ ကိစ္စကနေ စတာပါ။ ကိုယ်က အဲဒီအချိန်မှာ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပါတယ်။ ဒီကိစ္စကို တော်တော်လေး ထဲထဲဝင်ဝင် သိတယ်။ သူတို့ ဒီအာဏာ လက်လွတ်ဆုံးရှုံးသွားတဲ့ နောက်ပိုင်းမှာ သူတို့အနေနဲ့ သူကလည်း တကယ်တမ်း ပြောရရင်တော့ တော်တော်လေး အစဉ်အလာ ရှိခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါပဲ။ သို့ပေမယ့်လည်း သူနဲ့သူ့အနားမှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်နည်းလုပ်ဟန် လွဲမှားမှုကြောင့် ဒီအကျိုးကို သူခံသွားရတာပါ။ သူတို့က ဒီနယ်မြေကြီးကို ပြန်လိုချင်တယ်။ ပြန်လိုချင်တဲ့ အတွက်ကြောင့် ၂၀၁၀လောက် ကတည်းက ပြင်ဆင်ပြီး ကြိုးစားလာတာပဲ။ ကြိုးစားပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် မလုပ်နိုင်ဘူးပေါ့။ အခုတော့ ဒါဟာသူ လုပ်တာပေါ့။ သို့သော်လည်းပဲ သူ့ရဲ့လူတွေလည်း ရှိပါတယ်။ နဂိုတည်းက သူ့ကိုထောက်ခံတဲ့ လူတွေလည်း ရှိတာပေါ့။ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆိုတော့ သူ့ကိုထောက်ခံတဲ့ သူတွေလည်းရှိမယ်။ သူ့ကို မကြိုက်တဲ့လူလည်း ရှိမှာပေါ့။ ဒါကို အခွင့်ကောင်းယူပြီးတော့မှ နောက်တစ်ခါ နယ်စပ်ဒေသဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက်မှာလည်း သူတို့နဲ့ မျိုးနွယ်တူတွေရှိတယ်။ ဒီဘက်မှာလည်း သူတို့နဲ့ မျိုးနွယ်တူတွေရှိတယ်။ တူညီတဲ့ အလုပ်ကို လုပ်နေကြတယ်။ ဒါကို အခွင့်ကောင်း ယူတာပေါ့။ နှစ်ချက်ပေါ့။ ခုနက ဒေသခံပြည်သူ လူထုရဲ့ အစဉ်အလာရှိတဲ့လူဆိုတော့ အခွင့်ကောင်းတစ်ခု ယူတယ်။ ပြီးတော့ လူတွေရဲ့ လုပ်ကိုင်စားသောက်မှု အပေါ်မှာ အခွင့်ကောင်းယူတယ်။ ယူပြီးတော့မှ သူဒီနေရာကို ပြန်ရအောင် တိုက်တဲ့သဘော။ ဒါပေမယ့် သူတစ်ယောက်ထဲတော့ တိုက်လို့မရဘူး။ ဒါသေချာတယ်။ သူ့ကိုကူညီတဲ့ လူတွေတော့ ရှိမှာပေါ့။ ဒါတွေက ဘယ်သူတွေ ကူညီလဲ ဆိုတာတော့ ကိုယ်တို့လည်း ဖော်ထုတ်တုန်းပဲ ရှိပါသေးတယ်။ ထိခိုက်ကျဆုံးမှုကတော့ မနေ့က တရားဝင် အနေနဲ့ ထုတ်ပြန်ပေးတယ်။ ဒါအမှန်အတိုင်းပဲ။ လူမှုကွန်ရက်မှာ ပြောတာပေါ့လေ။ ရဲမေတွေသေတယ် ပြုတယ်ဆိုတာ မဟုတ်ပါဘူး။ မရှိပါဘူး။ ရဲမေတွေ လုံလုံခြုံခြုံနဲ့ ရှိနေပါတယ်။ ဒါကိုတော့ ကိုယ်ပြောရဲပါတယ်။ ကိုယ်တို့ ဒါနဲ့ပတ်သက်ပြီးတော့ အလေးအင်မတန် ထားပါတယ်။ မိသားစုရဲ့ လုံခြုံရေးက ပိုအရေးကြီးပါတယ်။ နောက်ပြီးတော့ မြို့၊ ရွာ၊ ပြည်သူလူထုရဲ့ လုံခြုံရေးက ပိုအရေးကြီးပါတယ်။ သေတယ်ဆိုတာကတော့ စစ်တိုက်ရင်တော့ ဖြစ်မှာပဲ။ နှစ်ဘက် သေကျေပျက်စီးမှုတော့ ရှိမှာပဲ။ ကိုယ်အလစ်ခံရရင်တော့ ကိုယ်ခံသွားရမှာပေါ့။ ကိုယ်အလစ် ရရင်တော့ ကိုယ်အကျိုးအမြတ် ရမှာပေါ့။ ဒါကြောင့် ဒီဟာကတော့ ကိုယ်ထင်တယ်။ သူတို့ ဖုန်ကြားရှင်ဘက်က ကြိုးစားတဲ့ အပိုင်းပါ။ တရုတ် ဆန့်ကျင်ရေးနဲ့ ပတ်သက်သလား ဆိုရင်တော့ တိုက်ရိုက်ကြီးတော့ အဲဒီလောက် ပတ်သက်တယ်လို့ ကိုယ်တော့ မထင်ဘူး။ ဒါပေမယ့် နိုင်ငံရေးဆိုတာ တော်တော်ကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တဲ့ အတွက်ကြောင့် ဒါတွေကို သေချာ တွက်ဆ ပြီးတော့မှ ကြည့်မှရမယ်လို့ ကိုယ်တော့ ပြောချင်တယ်။
Tomorrow - တပ်မတော်ပြိုကွဲတဲ့ နိုင်ငံတိုင်းဟာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲတာတွေ ကမ္ဘာမှာလည်း တွေ့မြင်နေရပါတယ်။ ဒီအချိန်မှာ လူမျိုးစု လက်နက်ကိုင်တွေက ဖက်ဒရယ် တပ်မတော်ဆိုတဲ့ စကားကို နည်းနည်းလေး တင်လာပါတယ်ခင်ဗျ။ ဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် - ဖက်ဒရယ် တပ်မတော် ဆိုပြီးတော့ ပြောတာကတော့ စိတ်ကူးယဉ်တဲ့ ကိစ္စလို့ ကိုယ်ကပြောချင်တယ်။ ဘယ်နိုင်ငံမှာမှ တပ်မတော်ဆိုတာ အမျိုးမျိုး မရှိဘူး။ တစ်မျိုးပဲရှိတယ်။ အမေရိကန်နိုင်ငံမှာလည်း အမေရိကန် တပ်မတော်ပဲရှိတယ်။ အမေရိကန်မှာ တကယ့် အဓိက တိုင်းရင်းသားဆိုတဲ့ လူဖြူတွေ ရှိတာပေါ့။ အာဖရိကန်တွေ ရှိမှာပေါ့။ Red Indian တွေလည်း ရှိတယ်။ စပိန်နွယ်ဖွားတွေရှိတယ်။ သူတို့ သီးခြား တပ်မတော်တွေ မရှိပါဘူး။ မကြားဖူးပါဘူး။ ကျန်တဲ့နိုင်ငံတွေကို ကြည့်မယ် ဆိုရင်လည်း ဘယ်နိုင်ငံမှာမှ တပ်မတော်မျိုးစုံ မရှိဘူး။ တစ်မျိုးပဲရှိတယ်။ National Army တစ်ခုပဲရှိတယ်။ ကမ္ဘာမှာလည်း ဘယ်နိုင်ငံကိုကြည့်ကြည့် National Army တစ်ခုပဲရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ဘယ်လောက်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ များနေပါစေ ဒါတွေက တရားဝင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ မဟုတ်ဘူး။ တကယ့်နိုင်ငံရဲ့ တရားဝင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းက တပ်မတော်ပဲရှိတယ်။ တပ်မတော် ဆိုတာက ပြည်သူကြားမှာ ပေါက်ဖွားလာတာ။ ပြည်သူကြားမှာ ပေါက်ဖွားတဲ့အပြင် တိုင်းရင်းသား ပေါင်းစုံပါတယ်။ တိုင်းရင်းသား ပေါင်းစုံရှိတယ်။ တပ်မတော်နားမှာ နေခဲ့ဖူးတဲ့သူနဲ့ တပ်မတော်နဲ့ နီးစပ်သူတဲ့ မှန်သမျှ တပ်မတော်ရဲ့ အနေအထားကို အကုန်လုံး သိတယ်။ တပ်မတော်မှာ အမှုထမ်းချင်တယ်ဆိုလို့ရှိရင် မည်သည့် တိုင်းရင်းသားမဆို သူ့ရဲ စစ်မှုထမ်း စည်းမျဉ်းအရ ထမ်းဆောင်ခွင့်ရှိတယ်။ ဒို့လည်း ငြင်းလို့မရဘူး။ မည်သည့် တိုင်းရင်းသားမဆို တာဝန် ထမ်းဆောင်ခွင့် ရှိတယ်။ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေတော့ ပြည့်စုံရမှာပေါ့။ တိုင်းရင်းသားတွေ ဆိုရင်တော့ တစ်ချို့ဟာတွေ လျော့ပေါ့ပြီး လက်ခံတာတွေ ရှိပါတယ်။ အခုလည်း သူတို့ကို လက်ခံနေတာပဲ။ အချို့ဆိုလို့ရှိရင် မြန်မာစာနဲ့ မြန်မာစကားနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်ရှိတဲ့ တိုင်းရင်းသားတွေရှိတယ်။ တပ်မတော်မှာ ဒီတိုင်းရင်းသားတွေရှိတယ်။ သူတို့တွေ တပ်မတော်ထဲ ရောက်ပြီးတဲ့အခါမှာ သူတို့ကိုလည်း အကျွမ်းတ၀င် ပိုပြီးတော့ ဖြစ်လာအောင် လေ့ကျင့်ပြုစုရင်းနဲ့ ရာထူး ရာခံတွေ ရသွားတဲ့ ဆရာကြီးတွေ၊ အရာရှိတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဖက်ဒရယ် တပ်မတော်ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ခုပဲ ရှိရပါမယ်။ ဒါကိုတော့ ဒီလိုပဲ ပြောရပါမယ်။
Tomorrow - အများပြည်သူကတော့ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေ အခွန်မဆောင်ဘူးလို့ ထင်နေကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ ထမ်းဆောင်ခဲ့တဲ့ အခွန်ငွေပမာဏလေးများ ရနိုင်ရင် သိချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် - Figure ကိန်းဂဏန်း အတိအကျတော့ ကိုယ်မမှတ်မိဘူး။ တကယ်တော့ အများကြီးပဲ။ ထိပ်ဆုံးဆယ်ခုမှာ ထိပ်ပိုင်းမှာပါတယ်။ နံပါတ်တစ် မဟုတ်ရင်တောင် အခွန် ပေးထားတာက နှစ်၊ သုံးလောက်မှာရှိတယ်။ တစ်ချို့ ကျတော့လည်း အဖျော်ယမကာ ကရတဲ့ အခွန်မို့လို့ ထုတ်ပြန်ပြီးတော့ မပြောခဲ့တာမျိုးတွေ ရှိတာပေါ့။ ကုမ္ပဏီ တစ်ခုချင်းနဲ့ ပြောရင် နည်းကောင်း နည်းလိမ့်မယ်။ ဦးပိုင်အနေနဲ့ ပေါင်းလိုက်မယ်ဆိုရင် ဦးပိုင်ဟာ အခွန်ထမ်းဆောင်မှုမှာ နံပါတ်တစ်လောက်မှာ ရှိတယ်။ MECလည်း ဒီအတိုင်းပဲ။ အများကြီး ပေးခဲ့ရတာတွေ ရှိတယ်။ ဒါပေမယ့် ထုတ်ပြန်ရတဲ့အခါ အချို့ ကိန်းဂဏန်းတွေမှာ အခွင့်အရေး မရခဲ့တဲ့ အတွက်ကြောင့် မသိခဲ့တာတွေ ရှိပါတယ်။ တကယ်ကျတော့ ကိုယ်တို့ပေးပါတယ်။ မပေးလို့လည်း မရဘူး။ အခုခေတ်မှာ မပေးလို့ရှိရင် ကိုယ်တို့ပြဿနာတွေ အများကြီး တက်သွားပါမယ်။ မပေးလို့မရဘူး။ ပေးပါတယ်။ အဲဒီ Figureတွေ ပေးပါမယ်။ အကုန်လုံး ရှိပါတယ်။ စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ် ဆီကနေ ပေးပါမယ်။ ဒါတွေဖော်ပြပေးနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။
Tomorrow - တပ်မတော်နဲ့ သတင်းမီဒီယာ ဆက်ဆံတဲ့ အခြေအနေက One Way ဖြစ်နေပါတယ်။ ကျွန်တော်တို့က သတင်းတစ်ပုဒ် ဥပမာ လောက်ကိုင်တိုက်ပွဲ သတင်းဆိုလို့ရှိရင် ဆိုရှယ် မီဒီယာတွေပေါ်မှာ တက်ပါတယ်။ ဒါကိုချက်ခြင်း မီဒီယာတွေက ဖော်ပြချင်ပါတယ်။ သို့သော် ကျွန်တော်တို့ ဆက်သွယ်ဖို့ကျတော့ တပ်မတော်က စာနယ်ဇင်း ကောင်စီကို ပေးတဲ့သတင်းကို စာနယ်ဇင်း ကောင်စီက ပြန်ဖြန့်၊ အဲဒီသဘောမျိုး ဖြစ်နေတယ်။ အချိန်နဲ့ တပြေးညီ Confirmation လုပ်ဖို့အတွက် Contact Person ဖြစ်ဖြစ် ထားပေးစေချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် - တပ်ပိုင်းနဲ့ Contact Person အပိုင်းပေါ့။ ဒီဘက်က တာဝန်ကတော့ ဗိုလ်ချုပ် အောင်ရဲဝင်းတို့ကို ပေးထားပါတယ်။ ကက(ပြည်) ညွှန်မှူးပေါ့။ သူရယ်၊ နောက် ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုလေ့ကျင့်ရေး အရာရှိချုပ်ကို တာဝန်ပေးထားတယ်။ နောက် မြ၀တီ Web Portal လုပ်ထားတာရှိတယ်။ မြ၀တီ Web Portal ကနေပြီးတော့ သတင်းတွေ တင်ပေးတာပေါ့။ သတင်းကတော့ များသောအားဖြင့် ၇နာရီခွဲလောက်ကျမှ သတင်းကို ထုတ်ပေးနိုင်တာပေါ့။ မြန်မာ့ သတင်းစဉ်ကနေပြီးတော့လည်း ဖြန့်ပေါ့။ ကိုယ်ကျတော့ အဲဒီလို မဟုတ်ဘူး။ ညနေ ၅ နာရီလောက် သတင်းထုတ်နိုင်ရင်၊ ၅ နာရီမှာ သတင်းထုတ်လိုက်တယ်။ ထုတ်ပြီးတာနဲ့ ကက(ပြည်)ကနေ သတင်းလာ အတည်ပြုချက် ယူပေါ့၊ အတည်ပြုပြီဆိုတာနဲ့ မြ၀တီ Web Portalကိုလည်း ပေးလိုက်တယ်။ စာနယ်ဇင်း ကောင်စီကိုလည်း ပေးလိုက်တယ်။ ပြီးရင် မြန်မာ့ သတင်းစဉ်၊ ပြန်ကြားရေး ၀န်ကြီးဌာနကိုလည်း ပေးလိုက်တာပေါ့။ ဒီသုံးခုကနေပြီး သတင်းဖြန့်ပေးတယ်။ အရင်ကတော့ အတော်လေး နှေးပါတယ်။ အခုတော့ တော်တော်လေး မြန်အောင် လုပ်ပေးထားပါတယ်။ သို့သော်လည်းပဲ တစ်ချို့ကျတော့ အတည်ပြုနိုင်ဖို့လိုတဲ့ သတင်းတွေရှိတယ်။ အရမ်း မထုတ်ရဲဘူး။ အရမ်းမထုတ်ရဲတဲ့ အခါကျတော့ သတင်းနောက်ကျတာ ရှိတာပေါ့။ အဲဒီမှာ လူမှုကွန်ရက်က သတင်းတွေက ပိုပြီးတော့ စောတာပေါ့။ တစ်ချို့ဟာတွေ ကျတော့ သူတို့က လွဲပါတယ်။ တော်တော်လေးကို လွဲမှားနေတာတွေ ရှိတယ်။ အဲဒီ လွဲမှားတဲ့ အခါကျတော့ သတင်းဆိုတာ မှားသွားပြီးရင် ရှင်းရ သိပ်ခက်တယ်။ မထုတ်ခင် ကတည်းက သတင်းမှန်မှန် ကန်ကန် ထုတ်နိုင်တာက ပိုတန်ဖိုး ရှိတာပေါ့။ မှန်မှန် ကန်ကန်ကိုမှ မြန်မြန်ဆန်ဆန် ထုတ်နိုင်ရင် ပိုတန်ဖိုး ရှိတာပေါ့။ ကိုယ်လည်း သတင်းသမားတွေကို ကိုယ်ချင်းစာတယ်။ စောစောက စာနယ်ဇင်း ကောင်စီကို တွေ့တဲ့ အခါမှာလည်း ပြောပြတယ်။ ကျွန်တော်တို့ ဘက်မှာ အားနည်းချက်ရှိတယ်။ သို့သော်လည်း မှန်ဖို့အတွက်ကတော့ နံပါတ်တစ် အရေးကြီးတယ်။ ဒုတိယကတော့ မြန်ဖို့ပေါ့။ မှန်ပြီးမြန်ရင်တော့ ကောင်းတယ်။ မှန်ပြီးနှေးရင်လည်း မကောင်းဘူး။ မြန်ပြီးတော့ မှားရင်လည်း မကောင်းဘူး။ ဒီလိုတော့ ရှိပါတယ်။ ဒါလေးလည်း ကိုယ်တို့လည်း ပြင်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ ဆက်သွယ်မယ်ဆိုလို့ရှိရင် ဗိုလ်ချုပ် အောင်ရဲဝင်းပေါ့။ ကက(ပြည်) ညွှန်ကြားရေးမှူး သူ့ဆီလှမ်း ဆက်သွယ်လို့ ရတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဖုန်းနံပါတ်တွေရော အီးမေးလ်တွေရော အကုန်လုံး ပေးထားပါတယ်။ အီးမေးလ်မှာ မက်ဆေ့ပို့လိုက်ပြီး မေးလို့လည်း ရပါတယ်။ တစ်ချို့ဟာကျတော့ သူတို့လည်း ခရီးသွားတာတို့၊ အစည်းအဝေး တက်တာတို့ အဲဒါတွေနဲ့ မအားတဲ့ အခါကျတော့ မဖြေမိတာလည်း မဖြေနိုင်တာလည်း ပါပါလိမ့်မယ်။ တစ်ချို့ဟာတွေလည်း အတည်ပြုဖို့ လိုတဲ့ အခါကျတော့ သူတို့လည်း မဖြေရဲတာလည်း ပါလိမ့်မယ်။ သူတို့ကိုလည်း ဖြေဖို့ပြောထား ပါတယ်။ လိုအပ်တာရှိရင် ပြောပါ။ အထူးသဖြင့် မီဒီယာက ပြည်သူနဲ့ တပ်မတော်ကြားမှာ ဆက်သွယ်ပေးတဲ့ လမ်းကြောင်းတစ်ခုပဲ။ ဒါကိုတော့ ကိုယ်တို့လည်း အင်မတန်ကို အလေးထားပါတယ်။ မှန်ကန်တဲ့သတင်း ဖြစ်ဖို့ပဲလိုတယ်။ မှန်ကန်တဲ့ သတင်းပေါ်မှာ ကြိုက်သလို ရေးလို့ရတယ်။ ကြိုက်သလို ထုတ်လို့ရတယ်။ တစ်ချို့ကျတော့လည်း မမှန်ကန်တဲ့ သတင်းပေါ်မှာ မူတည်ပြီးတော့ ပြောကြဆိုကြတဲ့ အခါကျတော့ တပ်မတော်အပေါ်မှာ အတော်လေး ထိခိုက်တာပေါ့။ စစ်သတင်းတွေ မှားတာပေါ့။ တပ်မတော်နဲ့ စစ်သတင်း မဟုတ်သော်လည်း မှားယွင်းတဲ့ သတင်းပေါ့။ ဥပမာ - ကောင်းခါး ဖြစ်စဉ်လိုဟာမျိုးပေါ့။ လုံးဝကို လွဲနေတာပေါ့။ အထူးသဖြင့် ကချင် ပြည်နယ်မှာ အခုဖြစ်တဲ့ဟာဆိုလို့ရှိရင် ကေအိုင်အေ၊ ကေအိုင်အိုတို့ ဘက်ကနေ လုပ်ထားတဲ့ လူမှုကွန်ရက် သတင်းဌာနက တင်တဲ့ သတင်းတွေ တစ်ချို့ဟာတွေ ပါပါတယ်။ လုံးဝကို မှားနေပါတယ်။ ဒါပေမယ့် ကိုယ်တို့အနေနဲ့ကျတော့ ဒါတွေကို သွားငြင်းမှ ၀န်ခံသလို ဖြစ်သွားမယ်။ ဒါဟာ ဟုတ်သလိုလို သွားဝန်ခံတာ ဖြစ်သွားမှာစိုးလို့ အသာလေးငြိမ်ပြီး ကြည့်နေတာလည်းပါတယ်။ ဒါကြောင့် ကိုယ်တို့လည်း တော်တော်လေး စဉ်းစဉ်းစားစားနဲ့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ရတယ် ဆိုတာလေး ပြောချင်တယ်။ ပြောပြီးသွားမှ ဒါဟာ မှားသွားဆိုရင် မကောင်းဘူး။ ကိုယ်ပြောမယ်ဆိုရင် မှန်မှပဲပြောမယ်။ မှန်တဲ့ဟာကို မြန်အောင်ပြောနိုင်ဖို့ ကိုယ်တို့ဖန်တီးဖို့ပဲရှိတယ်။ အဲဒါလေး ကိုယ်ကြိုးစားပေးပါ့မယ်။
Tomorrow - အခုလို အချိန်ပေး ဖြေကြားပေးတဲ့ အတွက်ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အထူး ကျေးဇူးတင်ရှိပါတယ်။













No comments:
Post a Comment