Wednesday, July 1, 2015
အမျိုးသမီးများကို အိုင်အက်စ်တို့ ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်
**************************************************************************
Source: 7daydaily
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ခေါင်းဖြတ် ကွပ်မျက်မှုများ ပြုလုပ်နေပြီဟု သတင်းရရှိသည်။
ဆီးရီးယားတွင် အိုင်အက်စ်တို့သည် အနည်းဆုံး အမျိုးသမီး နှစ်ဦးကို ခေါင်းဖြတ်
ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် ကမ္ဘာကျော် အစွန်းရောက် အကြမ်းဖက်သမားများသည် ယခင်က ၎င်းတို့၏ ရန်သူသုံ့ပန်းများနှင့် ဖမ်းဆီးထားသည့် ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ရက်ရက်စက်စက် သတ်ဖြတ်လာခြင်းဟု သိရသည်။
ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့၏ အကြီးအကဲ ရာမီ အက်ဘ်ဒူလာမန်က ဒီရာအယ်လ်ဇောခရိုင် အရှေ့ပိုင်း ဒေသတွင် အိုင်အက်စ်တို့က အမျိုးသမီးများကို ခေါင်းဖြတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ၎င်းသည် ရှုပ်ထွေးနေသည့် သတင်းရင်းမြစ်များကို လိုက်လံခြေရာခံ ကိုးကားပြီး ယခုလို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အိုင်အက်စ်တို့သည် ယခင်က အမျိုးသမီးများကို သတ်ဖြတ်မှုများ ရှိခဲ့သော်လည်း ခေါင်းဖြတ်ခြင်းမျိုး မဟုတ်ဘဲ လူမှုရေး ဖောက်ပြန်မှုနှင့် အခြားစွပ်စွဲချက်များ ပြုလုပ်ကာ ကျောက်တုံးများဖြင့် သေသည်အထိ ပစ်ပေါက်ခြင်း ဖြစ်သည်။ အမျိုးသမီး နှစ်ဦးကို အိုင်အက်စ်တို့က ခေါင်းဖြတ်ခဲ့သလို အယ်လ်မေယာဒင်းတွင်လည်း ရာမန်ဒန် ဥပုသ်လအတွင်း နေ့အချိန်တွင် အစာရေစာ စားသောက်မှုဖြင့် အမျိုးသား ၅ ဦးကို ကားစင်တင် ကွပ်မျက်ခဲ့ကြောင်း အက်ဘ်ဒူလာမန်က ဆိုသည်။
အိုင်အက်စ်တို့သည် ယင်းကဲ့သို့ ပြစ်ဒဏ်စီရင်မှုများကို လူအများ စည်ကားသည့် နေရာများတွင် ပြုလုပ်လေ့ရှိပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများမှ ဒေသခံများကို ကြောက်ရွံ့ထိတ်လန့်နေအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လေ့ရှိကြောင်းလည်း သိရသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)














No comments:
Post a Comment