လွမ်းရစ်နေဦးပေါ့ ….. မောင့်မှာ
(၂)
“ကျော်ဇော ….. ဒီနေ့ လစာပေးအဖွဲ့တွေတက်မယ်
လမ်းကင်းတွေသေချာချထားဖို့ မင်းကိုယ်တိုင်စက်ပေါ်ကမှာ
အခုတစ်ခေါက်က အရာရှိ အချို့ပါပါလာတယ် …. ”
ဗျူဟာ G3 တစ်ဖြစ်လဲ ဗိုလ်ကြီးအောင်ကျော်မိုးရဲ့အမှာစကားသံတွေ။ ဆက်သွယ်ရေးတပ်စုမှူးပေမဲ့ လူအင်အားနည်းပါသော သူတို့ဗျူဟာရုံးအဖွဲ့တွင် ကျော်ဇောတစ်ယောက် ဦးစီး(တ) တာဝန်အချို့ကိုပါပူးတွဲထမ်းဆောင်ရသည်။
“မင်းဆီကသားသမီးတွေကိုသေချာမှာ …. သေချာမှာ
ဒီတစ်ခေါက်အရပ်ရှည် xxxxxxxxxx”
လစာပေးအဖွဲ့နှင့်အတူ ပါလာသည့် စာရင်းကိုကြည့်လိုက်တော့ မှူး/ဗက ပြည့်ဖြိုးမောင် ဆိုသည့်နာမည်ကိုတွေ့လိုက်ရသည်။ ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးပင်။ သူ ဒုဗိုလ် နဲ့ပြင်ဦးလွင်တွင် သင်တန်းတက်ချိန်က မမမေ မင်္ဂလာဆောင်သွားခဲ့သည်။ ဖိတ်စာကို ဖေဖေ့ဆီပို့လိုက်သဖြင့် ကျော်ဇော တစ်ယောက် မမမေ ၏အမျိုးသားနာမည်ကိုတော့ စိတ်ထဲတွင်စွဲစွဲမြဲမြဲအမှတ်တရပင်။
“အစ်ကိုကြီး …. ဗိုလ်မှူး ပြည့်ဖြိုးမောင် ဆိုတာက
အရင် (xxxx) တပ်ကမှတ်လား။ DSA (41) ကလေ”
သတင်းအချက်အလက် အတိအကျနဲ့မေးနေသော ကျော်ဇောဘက်ကို ဦးစီး(တ) ဗိုလ်ကြီးအောင်ကျော်မိုး တစ်ချက်လှည့်ကြည့်ပြီးနောက်
“အေး …. ၄၁ ဆိုတာတော့ဟုတ်တယ်ဟ
အရင်ဘယ်တပ်လဲတော့ငါလဲမသိဘူး
ခုသူတို့အဖွဲ့တွေ ယာယီခွဲမှူး ဆင်းလာတာ
သူတစ်ယောက်ထဲရှေ့တန်းပါလာတာဟ
ဒို့ဗျူဟာ အရံ ကွန်မန်ဒိုတပ်ခွဲအတွက်လို့ပြောတာပဲ”
ပြောစရာရှိတာတွေကိုပြောပြီး သူလုပ်စရာရှိတာတွေကိုဆက်လုပ်နေသည်။ ထားလိုက်ပါလေ။ အချိန်တန်တော့လည်း သိရတာပေါ့။ အဲ့ဒီနေ့ကတော့ ကျော်ဇော တစ်ယောက် လစာပေးအဖွဲ့ စစ်ကြောင်းမရောက်မချင်း စက်ဘေးနားတွင် အသင့်စောင့်ကာ သိချင်တာကိုမျှော်လင့်နေမိသည်။
ညနေ (၁၈း၀၀) ချိန်တွင်တော့ လစာပေး အဖွဲ့တွေဗျူဟာကိုဆိုက်ရောက်ပါပြီ။ ဗျူဟာရုံးတွင် လာသတင်းပို့သော မှူး/ဗက ပြည့်ဖြိုးမောင်ကိုတော့ သေသေချာချာ မြင်လိုက်ရသည်။ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ မင်းသားချောချောသည့်ပုံ။ ဒါကြောင့် လည်း မမမေ တစ်ယောက်ရွေးသွားတာနေမှာပါလေဆိုပြီး စိတ်ထဲကဖြေမိသည်။ ညနက်နေတာကတစ်ကြောင်း အဖွဲ့တွေခရီးပန်းလာတာကတစ်ကြောင်းနဲ့ မိတ်တောင် မဆက်ဖြစ်လိုက်။ တစ်ညတာကုန်ဆုံးပြီး နောက်နေ့ရောက်တော့ ကျော်ဇော တစ်ယောက် မိမိ ဆသရ တပ်စုတွင် ၀င်စာကြေးနန်းနဲ့ ၀ှက်စာကိစ္စတွေလုပ်နေတုန်း လူတစ်ယောက် တဲထဲသို့ဝင်လာကာ စတင်မိတ်ဆက်သည်။
“ညီလေး …. ကို ပြည့်ဖြိုးမောင်ပါ
ဒီက ခလရ( ) ကိုပြောင်းလာတာပါ
ဗျူဟာအရံ ကွန်မန်ဒိုခွဲမှူးပါ”
မိတ်ဆက်ပြီးလက်ကမ်းကာနုတ်ဆက်လာသော ဗိုလ်မှူး လက်ကို ကျော်ဇော တစ်ယောက် လုံးဝမကိုင်ဘဲ လက်တင်အလေးပြုကာ ကိုယ့်ကိုကိုမိတ်ဆက်လိုက်သည်။
“ဗိုလ်မှူးရယ် …. တကူးတကလာမိတ်ဆက်နေတာ
အားနာစရာဗျာ … တကယ်ကကျွန်တော်ကလာနုတ်ဆက်ရမှာပါ”
ဒီလိုနဲ့ အတန်ကြာစကားစပြောဆိုအပြီးမှာတော့ သိချင်သည့်စိတ်ကို ထိန်းမထား နိုင်သည့် ကျော်ဇောတစ်ယောက် ဖွင့်ဟကာ မေးမိတော့သည်။
“ဗိုလ်မှူး …. အိမ်ထောင်ရှိလားဗျ”
ကိုယ်ကသာ သိချင်ဇောတွေများနေတာ ဟိုဆရာကတော့ အေးအေးဆေးဆေး ပင်။
“အေး …. ညီလေးရေ
ကိုယ်အိမ်ထောင်ကျတာ တစ်နှစ်ရှိပြီ
ဒါမဲ့ …. အတူတူနေရတာ ငါးလလောက်ပဲရှိပါတယ်ကွာ
ခုမှကျောင်းပြီးရုံရှိသေး …. အလုပ်ဝင်ချင်တယ်ဆိုပြီးဝင်သွားတာ
ရန်ကုန်ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်နဲ့တာဝန်ကျနေတယ်”
ဆရာဝန်ဆိုပါလား။ ကျော်ဇောတစ်ယောက်ရင်ဘတ်ထဲတွင်ခန့်မှန်းတွက်ချက် တာနဲ့ဆို ဒါ မမမေ ဆိုတာသေချာဖို့နီးပြီ။
“ဗိုလ်မှူးကဘယ်ဇာတိတုန်းဗျ
အစ်မကကော တပ်မှာလိုက်နေလား”
မမေးသင့်ပေမဲ့ ထပ်မေးမိသည့် ဒုတိယမြောက်မေးခွန်းကိုလည်း ဗိုလ်မှူး ပြည့်ဖြိုးမောင်စိတ်လိုလက်ရ ပြန်ဖြေခဲ့သည်။
“အေး …. ကိုယ်က ရန်ကုန်သားကွ
ကိုယ့်အမျိုးသမီးက မန္တလေးသူ
တပ်မှာတော့လိုက်မနေဖြစ်ဘူးလေ။ သူလည်းအလုပ်တစ်ဖက်နဲ့ပဲ
ဒါနဲ့ …. ငါ့ညီကကော ဘယ်နယ်သားလဲကွ”
ကိုယ့်အလှည့်ဆိုတော့လည်း တိုတိုတုတ်တုတ်ပင်ပြန်ဖြေမိသည်။
“ကျွန်တော် မန္တလေးသားပါဗိုလ်မှူး
အဖေက ဆသရ (၁၁၁) နန်းတွင်းထဲကပါ”
ဖြေကြားသံကြားတော့ ဗိုလ်မှူးပြည့်ဖြိုးမောင်တစ်ယောက် ပြုံးကာ သူ့ကို ပခုံးလှမ်းပုတ်သည်။
“ဟ …. ဒါဆို ငါ့အမျိုးသမီးနယ်သားပဲကွ
မင်းတို့သိလားမသိဘူး။ သူက ၃၅ လမ်း ပေါ်က xxxx
ဒေါက်တာ နွယ်နီမေ”
နောက်ဆက်တွဲစကားသံတွေကိုတော့ကျော်ဇောဆက်နားမထောင်တော့ပါချေ။ သေချာခဲ့ပါပြီ။ သူသိပ်ချစ်ရတဲ့ သူအရမ်းမြတ်နိုးရတဲ့ တစ်ဖက်သတ်ချစ်သူ မမမေ ရဲ့အမျိုးသားဆိုတာ။
“အေးကွာ …. ဒါဆိုနယ်သားတွေပေါ့
ကိုယ်လည်းဟိုဘက်တဲကူးလိုက်ဦးမယ်
ဒါနဲ့ …. မင်းနာမည်က ကျော်ဇော နော်”
ဖြစ်နိုင်ရင်တော့ … စကားကိုဆက်မပြောချင်တော့။ တာဝန်အရဆိုတော့လည်း ခေါင်းကိုဖြေးညင်းစွာငြိမ့်ရင်း လက်တင်အလေးပြုနှုတ်ဆက်လိုက်သည်။ ဗိုလ်မှူး ပြည့် ဖြိုးမောင်တစ်ယောက်လည်း တဲထဲကထွက်သွားရော ကျော်ဇော တစ်ယောက်ရင်ထဲက မကျေနပ်ချက်တွေကို တဲထဲမှာရှိသည့် ကော်ဖီခွက်ကို လွှင့်ပြစ်ကော ဖြေလျှော့လိုက် သည်။
“ဗိုလ်ကြီး … ဘာဖြစ်တာလဲဗျ”
တပ်စုတပ်ကြပ်ကြီး သိန်းထိုက်က အလန့်တကြားနဲ့ လာမေးသည်။
“ဘာမှမဖြစ်ဘူးဗျာ ….. ဆရာကြီး”
ကျော်ဇောဆိုတာလည်း ပုထုဇဉ်လူသားပါလေ။ ချစ်ရတဲ့ချစ်သူကို လုယူသွားသော လူအဖို့ သူ့ဘာသာသူ ဘာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ စိတ်ထဲ မကြည်ချင်တာက လူသားယောကျာင်္းတိုင်းပင်။ ဒါပေသိ … ကိုယ်တွေက စစ်သားမဟုတ်ပါလား။ စစ်သားဆိုတာကလည်း ကိုယ်ရေးကိုယ်တာထက် စစ်ရေးကို ပိုဂရုပြုရတဲ့သူတွေ။ နောက်ပြီး … ဒီလူတွေမှမစည်းလုံးလျှင် ဘယ်သူမှလာပြီး စည်းလုံး ပေးမည့်လူမရှိချေ။ ဒါကြောင့် …. ကျော်ဇောတစ်ယောက် ဖြစ်သမျှကိစ္စတွေကို ဗိုလ်မှူး ပြည့်ဖြိုးမောင် ကိုဖွင့်မပြောဖို့ ဆုံးဖြတ်ပြီး ညီအစ်ကိုတွေလို ရင်းရင်းနှီးနှီးပေါင်းသင်း အခင်အမင်လုပ်ခဲ့သည်။
ဆရာသမားကတော့ တော်တော်ကိုသဘောထားဖြူစင်လှသည်။ စိတ်ထားလည်း ကောင်းသည်။ အေးအေးဆေးဆေးနေတတ်ပြီ ဘုရားတရား တအားလုပ်သူ။ အရက် လည်းသိပ်မသောက်တတ်။ မမမေ အတွက်တော့ စိတ်ချရတဲ့ ယောကျာင်္းကောင်းဟု ကျော်ဇော စိတ်ထဲကြိတ်ကာ အမှတ်တွေပေးပစ်လိုက်သည်။ ကံကောင်းလိုက်တဲ့ … ငါ့ချစ်သူနှယ်။ နောက်လူက ငါ့ထက်ကိုအပုံတစ်ရာသာပါတယ်။
ကံကြမ္မာမုန်တိုင်းဆိုတာကလည်း တစ်ခါတစ်ရံဆန်းကြယ်လှသည်။ အသစ် ပြောင်းရွေ့ရောက်ရှိလာပြီးရှေ့တန်းသို့ရောက်တာ နှစ်လအကြာတွင် လစာပေးအဖွဲ့ကို ဆင်းကြိုရင်း ဗိုလ်မှူးပြည့်ဖြိုးမောင်တို့ ကွန်မန်ဒိုတပ်ခွဲ ချုံချိုအတိုက်ခံရသည်။ အင်မတန် မာသော လက်ရွေးစင် စစ်သည်များဖြစ်သဖြင့် OverRun တော့မဖြစ်ခဲ့။ သို့သော် …. တပ်ခွဲမှူး မှူး/ဗက ပြည့်ဖြိုးမောင်ကတော့ ရန်သူ့လက်နက်ကြီးကျည် ထိမှန်ကာ ကျဆုံးသွားခဲ့သည်။ ထိုဖြစ်စဉ် ကန ၀င်လာတော့ ကျော်ဇောတစ်ယောက် စိတ်မကောင်းချင်းများစွာဖြစ်ရသည်။ ကံကောင်းတယ်ဟူသတ်မှတ်ထားသော မိမိ ချစ်သူ မုဆိုးမဘ၀သို့ရောက်ခဲ့လေပြီ။
ရက်မှ နှစ်လတွေထပ်မံပြောင်းရွေ့လာလိုက်တာ ကျော်ဇောတစ်ယောက် ဗိုလ်ကြီးအဖြစ် ရာထူးတိုးပြီး ရင်းဌနချုပ်တွင် တပ်ရေးဗိုလ်ကြီး တာဝန်ဝတ္တများ ထမ်းဆောင်ခဲ့ရသည်။ မမမေ တစ်ယောက်ကိုတော့ အဆက်အသွယ်လုံးဝမရနိုင်ခဲ့။ ဖုန်းဆက်ဖို့ သူအကြိမ်ကြိမ်ကြိုးစားသေးသည်။ သို့သော် ဖုန်းခလုတ်ကိုနိုပ်ဖို့ သူ့တွင် သတ္တိတွေမရှိခဲ့။ ပူပူနွေးနွေး မုဆိုးမတစ်ယောက်ကို အခွင့်အရေးယူသူလို့ စိတ်ထဲ ထင်သွားမှာတော်တော်ကြောက်သည်။ ဆိုတော့ ….. သူနဲ့ မမမေ တို့ မှူး/ဗက ပြည့်ဖြိုး မောင် ကျဆုံးပြီး (၃) နှစ်ကြာသည်အထိ တစ်ခါမှပြန်မဆုံတော့…….
လောကကြီးကဆန်းကျယ်တာလား။ သံယောဇဉ်ကြိုးကို မပြတ်သေး နိုင်တာလားတော့ မပြောတတ်။ တိမ်ပြာပြာ ကြည်လင်သောနေ့တစ်နေ့၏ တစ်ခုသော သောကြာနေ့တွင် လစာထုတ်ပြီးအပြန် ဆေးရုံခြံစည်းရိုး နားတွင် မမမေ နှင့်အလွန် တရာတူသော အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်။
“ဆရာကုလား ….. ဟိုးဟိုး။
ကားခဏဘေးချရပ်လိုက်။
ကျွန်တော့်အသိထင်တယ် …. ဟိုမှာ”
ဆရာကားကို ပြောဆိုပြီး ကားဘေးချသည်ကိုပင်မစောင့်နိုင်ဘဲ ကျော်ဇော တစ်ယောက် အဆိုပါအမျိုးသမီးရှိရာသို့ အပြေးကလေးလှမ်းလာခဲ့သည်။ နောက်ကျော ဘက်မှကြည့်တာကတော့ မမမေ နှင့်တော်တော့်ကိုတူသည်။ စိတ်တို့ကိုပိုင်းဖြတ်ပြီး ကျော်ဇော တစ်ယောက် ခပ်ကျယ်ကျယ်လေးလှမ်းအော်လိုက်သည်။
“မမမေ ….. မမမေ”
အော်သံကြားတော့ လျှောက်လှမ်းသွားသော ခြေလှမ်းများရပ်တန့်သွားပြီး သမင်လည်ပြန်လှည့်ကြည့်ကာ …….
“ရှင် ….. ဟင် ….. မောင် …. မောင်လေး”
ဝမ်းသာလွန်းသဖြင့် ကျော်ဇောတစ်ယောက် အပြေးကလေးသွားကာ မမမေ ၏အနားတွင်ရပ်လိုက်သည်။ နှစ်နဲ့ချီကွဲကွာနေသည့် ချစ်သူ မမ ကိုခြေအဆုံးခေါင်း အဆုံး ကြည့်လိုက်တော့ အရင်ကထက်ကိုပင် ပိုလှပြီး ပိုနန်းဆန်သောအလှကိုခံစား မိသည်။
“မမမေ …. နေကောင်းရဲ့လား
ဘားအံကို ဘယ်လိုရောက်နေတာလဲ
ကျွန်တော့်တပ်က ပြည်ထောင်စု မှာလေ မမမေ”
ချစ်ရသော မမ တစ်ယောက် အံ့သြ၀မ်းသာခြင်းများစွာနဲ့ စကားကိုစပြော လေသည်။
“ဟုတ်လား …. မမကဒီဘားအံဆေးရုံကိုပြောင်းလာတာ
တစ်နေ့ကမှရောက်တာလေ … ဟိုမှာ မမနေတဲ့အဆောင်
မမ အမျိုးသားကတော့ ….”
မြန်မာအမျိုးသမီးပီပီ သိက္ခာရှိရှိနဲ့ သူ့ခြေလှမ်းတွေကိုရပ်တန့်အောင် စကား လုံးတွေဆက်ပြောမည့်အပြု
“ကျွန်တော်သိပါတယ် …. ဗိုလ်မှူး ပြည့်ဖြိုးမောင်မဟုတ်လား
ဆုံးသွားပြီလေ ….. ကျွန်တော်နဲ့တောင်ရှေ့တန်းမှာဆုံခဲ့သေးတယ်
ဒါမဲ့ …. ကျွန်တော်သူ့ကို မပြောပြခဲ့ပါဘူး မမမေ”
ဆက်ပြောရမည့် စကားလုံးများရှာမရဖြစ်နေသည့် မမမေ တစ်ယောက် ပါးစပ်ကလေးဟကာ သူ့ကိုကြည့်နေဆဲ
“ကဲ …. မမမေ …. ဒါကျွန်တော့်ဖုန်းနံပါတ်
သန်ဖက်ခါ တနင်္ဂနွေနေ့ကျမှ ကျွန်တော်လာလည်မယ်
ခုတော့ အလုပ်လေးတွေရှိလို့ခွင့်ပြုပါဦး”
သူနှုတ်ဆက်ခါထွက်ခွာသွားသည့်တိုင်အောင် မမမေ တစ်ယောက် နေရာတွင်ပင် ရပ်ကာကြောင်ကြည့်နေဆဲ။ ကားဆက်နှိုးကာဆက်ထွက်သွားသည့် အချိန်တွင်တော့ လက်ကလေးဝှေ့ယမ်းကာ နှုတ်ဆက်ရင်း ကျန်ရစ်ခဲ့လေသည်။
“ကြင်နာသူရေ … ကြည်ဖြူမယ်ဆို
ကိုယ့်ဘ၀ကိုပေးအပ်ပြီး”
မဖြစ်နိုင်သောအရာတွေဖြစ်လာချိန်တွင် လူတွေပျော်တတ်သည့်သဘောအတိုင်း မဆုံတော့ဘူးဟု ထင်သည့်ချစ်ရဆုံးသော မမမေကို ပြန်လည်တွေ့ဆုံလိုက်သဖြင့် ပျော်ရွှင်မြူးတူးကာ သီချင်းလေးတစ်အေးအေးနှင့် MightyX ရှေ့ခန်းတွင် လိုက်ပါလာ ခဲ့သည်။
“ဗိုလ်ကြီး …. ဒီနေ့တော်တော်ပျော်နေပါလားဗျ
ဘာလဲ … ခုနက အမျိုးသမီးကြောင့်လား”
အလိုက်သိသော ကားဆရာ တပ်ကြပ်ကုလားက ခွန်းတုံ့စကားဆိုသည်။
“အင်း …. ဆိုပါတော့ဗျာ
အာ့ …. ကျွန်တော့်ငယ်ချစ်ဦးမမလေ
ဒေါက်တာနွယ်နီမေတဲ့ …. ဘားအံဆေးရုံကိုပြောင်းလာတာ”
ချစ်ရသော ချစ်ဆုံးချစ်သူ မမမေ ရဲ့ဂုဏ်ပုဒ်ကိုကြွားဆိုရင်း သူ့အတွက်ကတော့ တနင်္ဂနွေနေ့ ဆိုတာ အလွန်ချိုမြိန်လှပသော မျှော်လင့်ချက်ကြီးတစ်ခုလိုပင်…….
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
No comments:
Post a Comment